Friday, May 11, 2012

ရွှေနံ့သာမြေပေါ် စီမံကိန်း ဆိုင်းငံ့၊ လယ်မလုပ်ရ တားမြစ်ထား

ရန်ကုန် (မဇ္ဈိမ) ။       ။ စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားခြင်းခံရသည့် ရွှေနံ့သာ ကျေးရွာအုပ်စုရှိ လယ်မြေများ
ပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားဆီးထား
ကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ပြောသည်။

မေလ ၉ ရက်နေ့တွင် မြိ့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာက စက်မှုဇုန်အတွက် စီမံကိန်းဆောင်ရွက်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။ ထွန်ယက် စိုက်ပျိုးတဲ့ လုပ်ငန်းတွေကတော့ ၂ဝ၁၂ ခုနှစ် လယ်ယာမြေ လုပ်ကိုင်ခွင့် သီးစားခွင့်ပြုချက် တင်ပြဆဲကာလအတွင်းမှာမို့ တားမြစ် ထားရတာပါ” ဟု ဦးငြိမ်းထွေးက ပြောသည်။

တောင်သူများက မိမိတို့၏ လယ်မြေများတွင် စိုက်ပျိုးရေး လုပ်ငန်း စတင်ရန်အတွက် ကြာသပတေး နံနက် ၁ဝ နာရီခန့်တွင် ကြိုးပမ်းခဲ့သော်လည်း ကျေးရွာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီကလည်း စက်ယန္တရားတွေ ဆောင်ရွက်နေတုန်းပဲ။ ဒီနေ့မနက် ကျနော်တို့ လယ်ထွန်မယ်လို့ ပြောပြီး လယ်ထွန်စက် နှစ်စီး ရောက်လာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီးတော့ တားတယ်။ သူတို့ကိုလည်း ရောက်လာမှ ဆက်မလုပ် ဖို့တားတယ်” ဟု ဒေသခံ တောင်သူတဦးက ပြောသည်။

စက်မှုဇုန် ၄ အဖြစ် အဆိုပါ လယ်မြေများကို မြေညှိရန်အတွက် ဇေကမ္ဘာကုမ္ပဏီမှ စက်ယန္တရားများ အသုံးပြု
ဆောင်ရွက်နေလျက်ရှိသော်လည်း စီမံကိန်း ဆောင်ရွက်မှုများကိုပါ ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။

စက်မှုဇုန် အကောင်အထည်မဖော်မီ လယ်သမားများအနေနှင့် လုပ်ပိုင်ခွင့် ရှိသင့်ကြောင်း ရွှေနံ့သာ မြေယာအရေးတွင် လိုက်ပါဆောင်ရွက်နေသူ ဦးနေမျိုးဝေ က ပြောသည်။

“ဒီနေရာက စက်မှုဇုန် အကောင်အထည်ဖော်တဲ့ နေရာလို့ပြောပေမယ့် လမ်းနဲ့ မီးတိုင်တွေပဲ ရှိသေးတယ်။ ဘာမှ အကောင်အထည် မပေါ်သေးဘူး။ လယ်သမားတွေအတွက် နစ်နာမှုတွေနဲ့ ကိုယ့်မြေကိုယ် ရရှိရေးအတွက် လိုအပ်ပါတယ်” ဟု နေမျိုးဝေက ပြောသည်။

သို့သော် နှစ်ဘက်လုံးအား သက်ဆိုင်ရာက တားမြစ်ထားစဉ်တွင် ကုမ္ပဏီမှ မေလ ၉ ရက်နေ့ထိ စက်ယန္တရားကြီးများနဲ့ စီမံကိန်းဆောင်ရွက်လျက်ရှိပြီး တားမြစ်ချက်ကို ချိုးဖောက်လျက်ရှိသည်ဟု ဆိုသည်။

ဇေကမ္ဘာကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်ဧက ၈ဝဝ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂ဝ၁ဝ ခုနှစ်အတွင်း သိမ်းယူခဲ့ပြီး ကွန်ကရစ်လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ် မီးကြိုးများလည်း သွယ်တန်းလျက် ရှိနေသည်။

အဆိုပါ လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ယာ စိုက်ပျိုးခွင့်ရှိကြောင်း လယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီတို့ သဘောတူညီထားခဲ့သည်။

တဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လယ်မြေ သိမ်းယူစဉ်က ဇေကမ္ဘာကုမ္ပဏီမှ နစ်နာကြေး ပေးခဲ့သော်လည်း လယ်သမားများဘက်မှ အဆိုပါ နစ်နာကြေးသည် နည်းလွန်းသည်ဟုဆိုကာ တိုးမြှင့်ပေးရန် တောင်းဆိုထားပြီး ကုမ္ပဏီနှင့် လယ်သမားတို့အကြား ယခုတိုင် ပြေလည်မှု မရရှိသေးပေ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။