Friday, May 11, 2012

ရက်စ်ဝမ်းစက်ရုံအလုပ်သမားအချို့ ဆက်လက်ဆန္ဒပြမည်

လှိုင်သာယာမြို့နယ် စက်မှုဇုံ(၄)အနီးရှိ ရက်စ်ဝမ်း အထည်ချုပ်စက်ရုံမှဝန်ထမ်းတစ်ထောင်ဝန်းကျင် တောင်းဆိုထားသည်များမှ ရှားပါးစရိတ်အားစက်ရုံပိုင်ရှင်က အနည်းငယ်တိုးပေးလိုက်ခြင်းအပေါ် အမြင်ကွဲလွဲနေသည့် အလုပ်သမားများရှိနေကြောင်း သိရှိရသည်။  

စက်ရုံဝန်ထမ်းများက အချက်(၆)ချက်တောင်းဆိုရာတွင် ရရှိသည့် ရှားပါးစရိတ်အား  လက်ခံသူများရှိသလို လက်မခံနိုင်သူများလည်း ရှိနေကြောင်း စက်ရုံဝန်ထမ်းများထံက သိရှိရသည်။



 “ကျွန်တော်တို့ တောင်းဆိုတာက(၆)ချက် ဒါပေမဲ့ တစ်ချက်ကို လိုက်လျောပေးတယ် အဲ့ဒါက ဘာလဲဆိုတော့ ရှားပါးစရိတ် ၁၅၅၀၀ ကျပ်ကနေ ၂၀၀၀၀ (နှစ်သောင်း)ကျပ် တိုးပေးဖို့ပေါ့ ဒါပေမဲ့ သူတို့တိုးပေးတာက ၁၂၅၀၀ ပဲ၊ တိုးပေးတယ် အဲ့ဒါကို
တချို့က လက်ခံတယ် တစ်ချို့က လက်မခံချင်ကြဘူး အဲ့ဒါကြောင့် နောက် ရက်မှာ လက်ခံသူတွေ ကတော အလုပ်ဆက်ဆင်းဖြစ်မယ် ” ဟု ရက်စ်ဝမ်း အထည်ချုပ်စက်ရုံဝန်ထမ်း တစ်ဦးက ပြောသည်။


ရက်စ်ဝမ်းအထည်ချုပ်စက်ရုံက ရှားပါးစရိတ် ၁၅၅၀၀(တစ်သောင်းငါးထောင့်ငါးရာ)ကျပ်ရရှိရာမှ အလုပ်ရှင် ဘက်က ၁၂၅၀၀ ကျပ်တိုးပေးခြင်းကို လက်မခံသောဝန်ထမ်းအချို့မှာ ဆက်လက်ဆန္ဒပြရန် အစီအစဉ် ရှိကြောင်း သိရှိရသည်။




“ကျွန်မတို့ တောင်းဆိုထားတာက (၆)ချက် ဒါပေမဲ့တစ်ချက်ကိုတိုးပေးတယ်ဆိုပေမဲ့ ကျွန်မတို့လိုချင် သလောက်ကို
တိုးပေးတာမဟုတ်တဲ့အတွက် ကျွန်မကတော့ နောက်ရက်မှာ ဆန္ဒပြတောင်းဆိုသင့်ရင်တောင်းဆိုရမှာပဲ “ ဟု ညောင်တုန်းမှ ရက်စ်ဝမ်း အထည်ချုပ်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်သော ၀န်ထမ်းတစ်ဦးက ပြောသည်။


ရက်စ်ဝမ်း အထည်ချုပ် စက်ရုံမှ ၀န်ထမ်းများ တောင်းဆိုသော အချက် (၆)ချက်မှ အချို့မှာ ဖယ်ရီကားများ ထားရှိရန် ၊ အဆောင်တွင် ရေမီးအစုံရရှိရန် ၊ ရှားပါးစရိတ် ၁၅၅၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိတိုးပေးရန် နှင့် နေ့လည်စာ
(မုန့်ဖိုး) ၁၇၀ ကျပ်မှ ၂၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်တို့ ဖြစ်သည်။

“ဒီက အလုပ်သမားတွေက အခြေခံလစာ ၂၂၀၀၀ကျပ်ရတယ် နောက်ရှားပါးစရိတ်ဆိုပြီး ပေးတာရှိတယ်၊ အဲ့ဒီစရိတ်က ၁၅၅၀၀ ကျပ်ရကြတယ် အဲ့ဒါကို ၂၀၀၀၀ကျပ်တိုးပေးဖို့ရယ် ၊ နေ့လည်စာကို မုန့်ဖိုးဆိုပြီး ပေးတာရှိတယ်၊ မုန့်ဖိုးကို ၁၇၀ ကျပ်က နေ ၂၀၀ တိုးပေးဖို့ပေါ့ နောက်လဲကျန်သေးတယ် အဲ့ဒါတွေကို အဓိကထားပြီး တောင်းဆိုကြတယ်လို့ ကျွန်တော်တို့ကိုပြောတယ်” ဟု၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင် ကိုအောင်သူက ပြောသည်။


၈၈မျိုးဆက်ကျောင်းသားအချို့ ဆန္ဒပြရာနေရာများဖြစ်သည့် အထည်ချုပ်စက်ရုံနှင့် ဆံပင်အတုစက်ရုံသို့ လာရောက်ခြင်းမှာ
ဝန်ထမ်းများဘက်က ၀န်းရံပေးသော သဘောမျိုးဖြစ်ပြီး လိုအပ်ပါကအလုပ်သမားနှင့် ဆိုင်သော အခွင့်အရေးများကိုလည်း သင်တန်းပေးရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။


ရက်စ်ဝမ်း အထည်ချုပ်စက်ရုံမှ ၀န်ထမ်း တစ်ထောင်ကျော်သည် မေလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ပြီး ညနေ ၂နာရီခွဲခန့်အချိန်တွင် အလုပ်ရှင်နှင့်ဝန်ထမ်း ညှို့နှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ မေလ(၁၁) ရက်နေ့တွင်ဝန်ထမ်း များအချို့ အလုပ်ပြန်လည် လုပ်ကိုင်ကြမည် ဖြစ်သလို အချို့မှာဆက်လက်ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။