
ဟံသာဝတီ ကားပွဲစားတန်းအတွင်း ရေဆေးလုပ်သားများအား တွေ့ရစဉ်
ပြင်ပတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်းတို့အား ရွှေတောင်ကုမ္ပဏီမှ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိသွားသည်ဟူသော သတင်းထွက်ပေါ်နေပြီး လက်ရှိ Junction Square ရှော့ပင်းမောလ်ဖြင့် တစ်ဆက်တည်း လုပ်ငန်းများ လုပ်ကိုင်ရန်ရှိသည်ဟု သတင်းထွက်ပေါ်ခြင်း ဖြစ်သည်။
သို့သော် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းတံတားနှင့် မြေကွက်များအား လေလံဆွဲလေ့ရှိသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ကြသည်။
''ဟံသာဝတီအပါအ၀င် ဗိုလ်ချုပ်ဈေးသစ်+လေဟာပြင်ဈေးနေရာ၊ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေးကွင်းနေရာတို့မှာ မြို့ပြဖွံ့ဖြိုးမှု အထောက်အကူပြုလုပ်ငန်းတွေ လုပ်ဖို့အတွက် တင်ဒါခေါ်ခဲ့ပါတယ်။ တင်ဒါစည်းကမ်း ချက်တွေကိုလည်း နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် မတ်လ ၂၈ ရက်နေ့မှာ ထည့်သွင်း ကြေညာခဲ့ပြီးသားပါ။ မေလ ၃ ရက်နေ့မှာ တင်ဒါပိတ်ခဲ့ပါတယ်။ တင်ဒါတွေကို ပုံစံအမျိုးမျိုးနဲ့ ၀င်ပြိုင်ကြပြီး သိရ သလောက်တော့ တင်ဒါမဖွင့်ရသေးတဲ့အတွက် ဘယ်လုပ်ငန်းရှင်၊ ဘယ်ကုမ္ပဏီကိုမှ လုပ်ကိုင်ခွင့် မပေးရသေးပါဘူး။ တ ကယ်လို့ ပေးမယ်ဆိုရင်လည်း တင်ဒါ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ပေးသွားမှာပါ''ဟု အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''ဟံသာဝတီ ယာဉ်ရောင်းရေးစခန်းကိုလည်း အဆင့်မြင့် စီမံကိန်းလုပ်ဖို့ တင်ဒါခေါ်တဲ့နေရာမှာ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစနစ်တွေကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အခုက ယာဉ်ရောင်းဝယ်ရေး စခန်းဆိုတော့ ကုမ္ပဏီတွေလုပ်ဖို့ တင်လာတဲ့အခါမှာ လက်ရှိနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဆက်စပ်လုပ်ငန်းတွေ ပါရင်တော့ ခွင့်ပြုမှာပေါ့''ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောကြားခဲ့သည်။
''ကျွန်တော်တို့ လေလံသတင်းရပ်ကွက်မှာလည်း အခုလိုပဲ ရွှေတောင်ကုမ္ပဏီက ဟံသာဝတီ ကားပွဲစားတန်းနဲ့ သိမ်ဖြူယာဉ်မောင်း လေ့ကျင့်ရေး ကွင်းနှစ်ခုစလုံးကို ရသွားပြီလို့ သတင်းထွက်နေတာပါ။ ဟံသာဝတီဆိုရင် လက်ရှိ Junction Square နဲ့ တစ်ဆက်တည်း ဆက်စပ်တဲ့ လုပ်ငန်းပဲဖြစ်ဖြစ် အခြားလုပ်ငန်းပဲဖြစ်ဖြစ် လုပ်ဖို့ဆိုပြီးတောင် ပြောနေကြတာလေ။ ဒါပေမယ့် တကယ်တော့ ဘယ်သူ့ကိုမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ချထားမပေးရသေးပါဘူး။ ရွှေတောင်ကုမ္ပဏီ ရသွားတယ်ဆိုတာလည်း လက်ရှိမှာတော့ မဟုတ်သေးဘူး။ ဟံ သာဝတီလို နေရာမျိုးနဲ့ တင်ဒါမှာပေးဖို့ တင်ထားတဲ့ ငွေပမာဏက တော်တော်နည်းလို့ ချထားမပေးတာလို့တော့ သိရတယ်။ သက်ဆိုင်ရာဌာနကိုလည်း ကျွန်တော် မေးပြီးပါပြီ''ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းတံတားနှင့် မြေကွက်များအား လေလံဆွဲလေ့ရှိသည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မြေနေရာအား တင်ဒါခေါ်ယူထားခြင်းကြောင့် စခန်းအား မှီခိုလုပ်ကိုင်နေသူများမှာ အဆိုပါနေရာမှ မပြောင်းရွှေ့လိုသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အပြင် သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြထားကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။