
“ပါတီက ကလေးတွေ ထော်လာဂျီနဲ့ရေပေးနေတယ် သောက်သုံးရေအတွက်ပေါ့၊ မြို့ပေါ်က ရေက နှစ်ရက်ခြား တစ်ခါလာတာဆိုတော့ ရေကသိပ်အဆင်မပြေခြင်တော့ လူငယ်လေးတွေတက်နိုင်သလောက် လုပ်ပေးနေကြ တာပါ။” ဟု ကလောမြို့ဒီချုပ်ပါတီ အောင်နိုင်ရေး တာဝန်ခံ ဦးစိုးမင်းက ပြောသည်။
မြို့ပေါ်ရှိရပ်ကွက်များ ရေပြတ်တောက်မှုပြဿနာကို လွှတ်တော်အမတ်ဖြစ်နေသော ကလောမြို့နယ်ဒီချုပ် ပါတီက ဒေါက်တာဒေါ်သန်းငွေက လွှတ်တော်တွင်အဆိုတင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကလောမြို့ပေါ်ရှိ ရေပြတ်လတ်မှုဖြစ်နေသော ရပ်ကွက်များမှာ ရပ်ကွက်(၁)၊(၇)နှင့်(၈) တို့ဖြစ်ကြပြီး၊ ထော်လာဂျီဖြင့် ရေပေးဝေမှုမှာ ရပ်ကွက်(၁)တစ်ခုထဲ အတွက်သာ ပေးဝေနိုင်သေးကြောင်း သိရသည်။
“ကျွန်တော်တို့ နှစ်ရက်လောက်ရေပေးတယ်၊ ပြီးတော့ မိုးရွာတော့ ရေသိပ်အခက်အခဲမရှိတာနဲ့ မပေးဖြစ်တော့ဘူး မိုးမရွာရင်တော့ ရေကတော်တော်ခက်ခဲတယ်၊ ရေချိုးရင် ရပ်ကွက်(၄)က ချောင်းမှာသွားချိုး ကြတယ်” ဟု ဒီချုပ်ပါတီဝင်လူငယ် ကိုစိုင်းက ပြောသည်။
ဒေသခံများမှာ မိုးရွာလျှင် ရေခံထားကြပြီး၊ မိုးမရွာလျှင်မူ ရေအခက်အခဲဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ထော်လာဂျီဖြင့် ရေပေးဝေမှုအတွက် ပါတီဝင်လူငယ်များမှ ပိုက်ဆံများထည့်ဝင်ကြပြီး ကိုယ့်နှင့်နီးစပ်ရာ မိတ်ဆွေများထံက အလှူငွေကောက်ခံ၍ လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ ရေပေးဝေမှုတွင် မနက်ကိုးနာရီခန့်တွင် ထော်လာဂျီသုံးစီးဖြင့် တစ်ကြိမ်၊ ညနေပိုင်း လေးနာရီခန့်တွင် ထော်လာဂျီ သုံးစီးဖြင့် တစ်ကြိမ်ရေပေးဝေနေခြင်းဖြစ်သည်။
ထော်လာဂျီအကြီးတစ်စီးတွင် ရေတိုင်ကီအလုံး(၃၀)ဆန့် ပြီး ထော်လာဂျီငှားခ ကျပ် (၈၀၀၀) ပေးရကြောင်းနှင့် ထော်လာဂျီအသေး တစ်စီးတွင် ရေတိုင်ကီ(၁၈)လုံးဆန့်ကာ ထော်လာဂျီငှားခ ကျပ် (၅၀၀၀) ပေးရကြောင်း ကိုစိုင်းကပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။