Friday, May 11, 2012

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့် အလှူငွေမှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထား

ယခုပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေမှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်ပြီး ကျောင်းသားတစ်ဦးလျင် ဗလာစာအုပ်ခြောက်အုပ် အခမဲ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း သိရသည်။

''ကျောင်းအပ်နှံရေးနေ့ကို မေ လ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ကျောင်းအပ်နှံတဲ့နေရာမှာလည်း အလှူငွေ လုံးဝ ကောက်ခံခွင့် မရှိပါဘူး။ မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ဗလာစာအုပ် ခြောက်အုပ်ပါ ပေးသွားမှာပါ။ အဲဒီလို ဗလာစာအုပ်တွေကို ပေးနိုင်ဖို့အတွက် ကျောင်းတွေအထိ  ပို့ပေးသွားမှာပါ။ ဒါဒီနှစ်မှ ထူးခြားတဲ့ အစီအစဉ်ပါ။ မူလတန်းကျော်ရင်တော့ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေး စတာတွေကိုပဲ ပြီးခဲ့တဲ့နှစ်ကအတိုင်း ကောက်ခံသွားပါမယ်။ အလှူ ငွေကောက်ခံတာတွေရှိရင်တော့ တိုင်ကြားနိုင်ပြီး အရေးယူသွားပါမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျောင်းအပ်နှံရာတွင် အလှူငွေများ ကောက်ခံခြင်း မရှိစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ အလှူငွေနှင့် ရန်ပုံငွေများ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး ကျောင်းအပ်နှံရာ တွင် အတန်းလိုက် ကောက်ခံမည့် ဖတ်စာအုပ်ကြေး၊ ကျောင်းလခ စသည်တို့ကို ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။