Tuesday, May 8, 2012

ပြင်ဦးလွင်ခရိုင်ရှိ မြေယာနစ်နာမှုများအတွက် ဗေဒါကျောင်းနှင့်ဥပဒေပညာရှင်များက အသိပညာဖြန့်ဖြူးနေ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြေယာနစ်နာမှုများအတွက် ဗေဒါသင်တန်းကျောင်းနှင့် ရှေ့နေများက ဦးစီး၍ တောင်သူများအား ဥပဒေအသိပညာများလိုက်လံဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။
 

မေလ( ၆)ရက်နေ့က လယ်ယာမြေနစ်နာမှုများအတွက် မန္တလေးမြို့ရှိ ဗေဒါသင်တန်းကျောင်းနှင့် ရှေ့နေ ဦးမြင့် သွင်တို့မှ ဇီးပင်ကြီးရှိ တောင်သူများကိုသွားရောက်တွေ့ဆုံခဲ့ပြီး ယခုလိုမတရားသိမ်းဆည်းမှုများအတွက်တရားစွဲ ဆိုနိုင်ကြောင်း ဥပဒေလမ်းကြောင်းအရ ရှင်းပြခဲ့ကြောင်း သိရသည်။
 
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဇီးပင်ကြီးကျေးရွာတွင် နေထိုင်ကြသော လယ်ယာမြေ အသိမ်းခံထားရသော လယ်ယာမြေများအတွက်တွင် သီးစားခများကို အလိုမတူပဲ ပေးဆောင်နေ ရခြင်းများလည်း ရှိနေကြောင်း   ဒေသခံများထံက သိရသည်။

အဆိုပါသိမ်းဆည်းမှုများကို ဇီးပင်ကြီးတွင် ဗ.၀.တ (ဗဟိုဝန်ထမ်းတက္ကသိုလ် ) ၊ ရဲသိပ္ပံနှင့်မီးသတ်သင်တန်း ကျောင်းသုံးခုပေါင်းကာ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ သိမ်းဆည်းခံရသူဦးရေ (၂၀၀)ကျော်ရှိပြီး စိုက်ဧက ပေါင်း(၄၀၀)ကျော်ရှိကာ ၁၉၉၅ ခုနှစ်က သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည် ဟုသိရသည်။

``သံလမ်းမြောက်ဖက်ကို မီးသတ်သင်တန်းကျောင်းက သိမ်းတယ် ၊ တောင်ဖက်ကိုတော့ ဗ.၀.တ ၊ ကျောက် လမ်းအရှေ့ဖက်ကတော့ ရဲသိပ္ပံက သိမ်းထားတယ် ´´ ဟု အဆိုပါရွာတွင် နေထိုင်သော အသက်ခုနှစ်ဆယ် ကျော်ရှိသူ ဦးဆွာဒစ်က ပြောသည်။


ဇီးပင်ကြီးတွင် နေထိုင်ကြသော ရွာသူရွာသားများသည် ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေများအား သိမ်း ဆည်းခံထားရသည့်အပြင် အထက်ပါကျောင်းသုံး ကျောင်းအား စိုက်ပျိုးခွင့်ရရှိရန် သီးစားခများကို အလို   မတူပဲ ပေးဆောင်ခဲ့ကြရသည်။


`` ပိုက်ဆံကောက်တာတော့ တစ်ဦးနဲ့တစ်ဦးမတူဘူး ၊ လယ်မြေကျယ်ရင် ကျယ်သလိုပေါ့ ၊ အဘကတော့ ငှက်ပျောပင်ကြီးပဲ ငါးထောင်ရှိတယ် ၊ အဘက တစ်နှစ်ကို သုံးသိန်းပေးနေရတယ်။ ပိုက်ဆံပေးလို့လဲ စိုက်ခွင့် မရဘူး ´´ ဟု ဦးဆွာဒစ်က ဆက်လက်ပြောဆိုသည်။


ရွာသူရွာသားများအား လယ်မြေများ အဓ္ဓမသိမ်းဆည်းသည့်အပြင် ပြီးခဲ့သည့် လပိုင်းက ကျောင်းပတ်ဝန်းကျင် ရှိတောများကို ရှင်းလင်းရန် လုပ်အားပေးခေါ်ယူခိုင်းစေမှုများရှိခဲ့သည်ဟု သိရသည်။


`` တန်ခူးမတိုင်ခင်က ကျောင်းပတ်ပတ်လည်တွေမှာ တောမီးမစွဲအောင်ဆိုပြီး မီးကွင်းလမ်းရှင်းခိုင်းတယ် ၊ ရွာထဲကနေ အလှည့်ကျလိုက်ရတယ်။ တစ်ချို့ဆိုနှစ်ရက် သုံးရက် လိုက်ရတယ်။ ပိုက်ဆံလဲမရဘူး ၊ကိုယ့်ထမင်းကိုယ်စားပေါ့ ´ ´   ဟု   အဆိုပါရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

မိဘဘိုးဘများပိုင်ဆိုင်ခဲ့ပြီး မြေခွန်လယ်ခွန်များပုံမှန်သွင်းကာ ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့သော ယာမြေ များကို နေထိုင် စားသောက်ရန်အခက်အခဲများကြောင့် ရောင်းချခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးက ၎င်းအိမ်သို့ ခေါ်ယူကာ ကိုယ်ထိလက်ရောက်   နှိပ်စက်အရေးယူမှုများကို ပြုကျင့်ခြင်းခံရသည့်ကာယကံရှင် ဦးညွန့်ဝင်း က ပြောပြသည်။


`` ကျနော်တို့မှာ ပိုက်ဆံအခက်အခဲဖြစ်နေတော့ ကျနော့်အကိုကရောင်းလိုက်တာ၊ အရောင်းအ၀ယ်ဖြစ်ပြီး တော့မှ ကျနော်တို့မြေက ဗ.၀.တ ကပိုင်တယ်တဲ့ မင်းတို့ခိုးပြီးရောင်းစားတာ ပိုက်ဆံခုချက်ခြင်းပြန်လျှော်ဆိုပြီး ချက်ချင်းမလျှော်နိုင်လို့ ကျနော့်  ရင်ဝကို ရွာက ရယကမှုးက ခြေထောက်နဲ့ စောင့်ကန်တာပါ ´´ ဟု ၎င်းက ပြောပြသည်။ အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်လပိုင်းက   ဖြစ်ပျက် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့လယ်မြယာမြေများ မတရားသိမ်းဆည်းခံရခြင်းမှာ ဇီးပင်ကြီးတစ်ရွာတည်း တင်မဟုတ်ပဲ အနီး ပတ်ဝန်းကျင်ရှိ   ညောင်နီကျေးရွာ ၊ ပင်လိမ်ကျေးရွာ ၊ သုံးတောင်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများ ရွာများပါ အကြောင်းအမျိုးမျိုးပြလျှက် လယ်မြေသိမ်းဆည်းခံရမှုများရှိနေကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။