Tuesday, May 8, 2012

အင်တာနက်အလွန်အကျွံသုံးစွဲခြင်းက ကြွက်သားဖွံ့ဖြိုးမှု၊ မျက်လုံးနှင့် ဦးနှောက်ကို ထိခိုက်နိုင်

လူငယ်များ အင်တာနက်အလွန်အကျွံသုံးစွဲလာခြင်းက ကြွက်သားဖွံ့ဖြိုးမှုအားနည်းခြင်း၊ မျက်လုံးထိခိုက်ခြင်းနှင့် ဦးနှောက် ထိခိုက်ခြင်းတို့   ဖြစ်ပေါ်နိုင်လာကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။
 
“အင်တာနက်ကို အကြာကြီးသုံးရင်တော့ အဓိကက မျက်လုံးနဲ့ ဦးနှောက်ကိုထိတာပေါ့၊ မျက်ရည်ခန်းခြောက်တာတို့ ၊ ခေါင်းခဏခဏ မူတာတို့ဖြစ်တာပေါ့” ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ၀ဏ္ဏက ပြောသည်။
 
ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များတွင် အင်တာနက်သုံးစွဲသူဦးရေ၏ ထက်ဝက်ကျော်မှာ အသက်နှစ်ဆယ်ဝန်း ကျင် လူငယ်များဖြစ်ပြီး၊ လူငယ်အများစု၏ အင်တာနက်သုံးစွဲမှုမှာ တစ်ရက်လျှင်(၅)နာရီခန့်ရှိပြီး၊ အချို့မှာ (၁၂)နာရီခန့်အထိ တိုးမြင့် သုံးစွဲလျက်ရှိကြောင်း power- 2 ၊ Zillon ၊ Glaxy နှင့်  လှည်းတန်းရှိ Myanmar Info-Tech အမှတ်တံဆိပ်နှင့် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များက သိရှိရသည်။

 
အင်တာနက်သုံးစွဲသူလူဦးရေ ၆၀% မှာ လူငယ်များဖြစ်ကြပြီး၊ ကျန် ၄၀%နှုန်းမှာ အသက်ဆယ်နှစ်ကျော်၊ ကလေးများနှင့် လူကြီးများဖြစ်ကြောင်း အဆိုပါ အင်တာနက်ဆိုင်များက သိရှိရသည်။


“ကျွန်မတို့ဆိုင်ကတော့ လူငယ်တွေပဲသုံးတာများပါတယ်၊ အများစုကတော့ ဂိမ်းဆော့ရင်းနဲ့ အင်တာနက် သုံးကြတာပါ” ဟု ကမာရွတ်မြို့နယ်တွင် အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။


လူငယ်အများစုမှာ ဂိမ်းကစားခြင်း၊ ဂျီတောခ့်(Gtalk)သုံးခြင်းနှင့် ဖေ့စ်ဘွတ်ခ်(Facebook) အသုံးပြုရန်တို့  အတွက်သာ   အင်တာနက်ကို အသုံးပြုလေ့ရှိကြောင်း သိရှိရသည်။


အင်တာနက်ဆိုင်များတွင် အင်တာနက်သုံးစွဲခမှာ တစ်နာရီလျှင် ကျပ် (၃၀၀) မှ (၅၀၀) ၀န်းကျင်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။