Tuesday, May 8, 2012

နေပြည်တော်တွင် နှစ်သိန်းဖုန်းကဒ် အရစ်ကျဈေးကွက်ပျက်သည်အထိ ရောင်းအားမြင့်တတ်

နေပြည်တော် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ကျပ်နှစ်သိန်းတန်ဖုန်းကဒ်များအား  အရစ်ကျဝယ်ယူ မှုဖြင့် ရောင်းချသောဆိုင်များတွင် အရစ်ကျစနစ်အား ရပ်ဆိုင်ပြီး လက်ငင်းငွေချေစနစ်ဖြင့်သာ ရောင်းချနေကြောင်း မိုဘိုင်းဖုန်းဆင်းကဒ်အရောင်းဆိုင်များက သိရှိရသည်။
 

“စချပေးတုန်းကဆို အရစ်ကျကို ၀ယ်လိုအား သိပ်မရှိခဲ့ဘူး။ အခုကို ဘယ်ဆိုင်ပဲကြည့်ကြည့် အရစ်ကျလည်း မရောင်းတော့ဘူး။ လက်ငင်းတောင် ချက်ချင်း မရောင်းနိုင်တော့ဘူ။ တစ်ပတ်စောင့်ပြီှးမှ ရတော့တယ်” ဟု နေပြည်တော် ပျဉ်းမနားရှိ မိုဘိုင်းဖုန်းအရောင်းဆိုင် (S to S) ကပြောသည်။
 
နှစ်သိန်းတန်မိုဘိုင်းကဒ်များအား အရစ်ကျရောင်းချခဲ့ရာ၌ ကနဦးပေးသွင်ငွေ ကျပ် ၇သောင်း၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ (၃)ပုံပေးဆောင်ရပြီး၊ အရစ်အနေဖြင့် ငွေကျပ် ၃သောင်းအား (၅)လပေးသွင်းရကြောင်း သိရသည်။
 
အဆိုပါဒေသတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ၊ ၀န်ထမ်းများ၊ စီးပွားရေးသမားများမှာ ဆက်သွယ်ရေးအတွက် ၀ယ်ယူသုံးစွဲလာခြင်းနှင့် ဒေသခံများမှ အရစ်ကျဝယ်ယူသုံးစွဲ နိုင်ခြင်းတို့ကြောင့် ဈေးကွက်တွင်း ပစ္စည်းပျက် သည်ထိ ၀ယ်လိုအားမြင့် တက်ခဲ့ကြောင်း ပျဉ်းမနား မိုဘိုင်းဖုန်းဆိုင်များထံက သိရသည်။
 
“ဆိုင်တွေအနေနဲ့ အရစ်ကျရောင်းပေးတာ အရှုတ်အရှင်းတော့ ဖြစ်နိုင်တာပေါ့။ အစိုးရအနေနဲ့လည်း အခြေခံ လူတန်းစားကအစ ဖုန်းကိုင်နိုင်ဖို့ဆိုတာ (၅၀၀၀)ကျပ်တန် ဖုန်းထုတ်လုပ်ခွင့် မပေးနိုင်မချင်း၊နှစ်သိန်းတန် ဖုန်းတွေကို အများကိုင်နိုင်အောင်   ရောင်းချပေးဖို့ ကောင်းပါတယ်” ဟု နေပြည်တော်ပျဉ်းမနား၊ ပေါင်းလောင်းမှ ဆိုင်ကယ် Taxi သမားကိုကုလားက ပြောသည်။
 
နှစ်သိန်းဖုန်းကဒ်များအား အရစ်ကျ၊ လက်ငင်းရောင်းချရာတွင် လိုအပ်သည့် ငွေကြေးပမာဏ၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ(၃) ပုံတို့အား ရောင်းချပြီးချိန်(ယနေ့ရောင်းပြီး နောက်နေ့)တွင် သတ်ဆိုင်ရာ မိုဘိုင်းဖုန်းရုံးများသို့ လျောက်ထားရကြောင်း သိရသည်။
 
“ဖုန်းတော့ ကိုင်ချင်ကြပါတယ်။  ဒါပေမယ့် တန်ဖိုးကြီးကြီးနဲ့ မတက်နိုင်တော့ အရစ်ကျဆိုင်လေးတွေ ဆီကနေ ၀ယ်ကျရတယ်။ အရင်က အရစ်ကျရောင်းတဲ့ ဆိုင်တွေအားလုံး အခုမရောင်းတော့ပဲ ရပ်ထားတယ်။ ၀ယ်ဖို့ စောင့်နေတဲ့ သူတွေလည်းအများကြီးပါပဲ” ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ဦးတင်ဌေးကပြောသည်။
 
နေပြည်တော်ဒေသတွင်း နှစ်သိန်းတန်ဖုန်းကဒ်ဈေးကွက်၌ အရစ်ကျဝယ်ယူသုံးစွဲလိုသူများပြားလျက် ရှိကြောင်း သိရသည်။
 
လက်ရှိတွင် တိုင်းဒေသကြီးများ၌GSM နှင့် WCDMA တယ်လီဖုန်း စီမံကိန်းအနေဖြင့် လိုင်းအင်အား (၃၆၂၁၆၅) တပ်ဆင်ပြီး၊ နေပြည်တော်ဒေသတွင်း နှစ်သိန်းတန်ဖုန်းများအား မတ်လ(၂၈)ရက်နေ့မှ စတင်တပ်ဆင်ပေးခဲ့ရာ  မေလ(၂)ရက်နေ့အထိ GSM- ၁၃၅၁၆ နှင့် WCDMA- (၂၁၇၃)ခန့် တပ်ဆင်ပေးပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ တွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။