Tuesday, May 8, 2012

လာမည့်လွှတ်တော်တွင် ယဉ်ကျေးစွာဝတ်စားဆင်ယင်မှုအတွက် NDFက အဆိုတင်သွင်းမည်

မြန်မာ့ယဉ်ကျေးမှုဝတ်စားဆင်ယင်ခြင်းအား စောင့်ထိမ်းရန်အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပထမအကြိမ် အမျိုးသားလွတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

 
‘ကျွန်မအနေနဲ့ အခုခေတ်မြန်မာအမျိုးသမီးတွေအနေနဲ့ ၀တ်စားဆင်ယင်မူက တော်တော်လေးဆိုးနေတာကို တွေ့ရတယ်။ ၀တ်တာတော့ ၀တ်ကြတာပေါ့။ ဒါပေမယ့် မြန်မာယဉ်ကျေးမူနဲ့ကျတော့ အသင့်လျော်ပါဘူး။ အဲဒါ ကြောင့် ကျွန်မအနေနဲ့ အမျိုးသားလွတ်တော်မှာ ယဉ်ကျေးမူစောင့်ရှောက်ဖို့အတွက် အဆိုကိုတင်သွင်းမယ်”ဟု အမျိုသား ဒီမိုကရေစီအင်အားစုပါတီက အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
 
ထိုပြင် မိမိတို့ပါတီအနေဖြင့် လွတ်တော်တွင်း၌ ခေတ်ကာလနှင့် လျှော်ညီမှုမရှိသော ဥပဒေများ ပြုပြင်ပြောင်းလဲ ရေးကိစ္စရပ်များ၊ အမျိုးသမီးများ ဘ၀လုံချုံရေးအတွက် စောင့်ရှောက်မှုများ၊ ဥပဒေတွင်း အရေးယူမှုနှင့် အပြစ် ပေးခြင်း လွဲမှားနေမှုများ၊   တောင်သူများအတွက် လယ်ယာမြေကိစ္စရပ်တွင် ကြုံတွေ့နေရသော အခက်အခဲများ အား တင်သွင်းသွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
 
“ကျွန်တော်တို့နိုင်ငံမှ အခုဖြစ်နေတဲ့ ၀တ်စားဆင်ယင်မှုက တော်တော်လေး ရုပ်ဆိုးလာတယ်။ အဲအပေါ်မှာ မြန်မာ ယဉ်ကျေးမှုစောင့်ထိန်းဖို့ လိုအပ်တယ်။ နောက် ခေတ်ကာလနဲ့မညီတဲ့ ဥပဒေတွေပြုပြင်ပြောင်းမယ် ဆိုရင်လည်း ပါးရိုတ်ခံရတာလဲ လျော်ကြေးတစ်ထောင်နဲ့ တန်ဖိုးဖြတ်တာတွေ၊ လယ်ယာမြေတွေကို ခေတ် ကာလနဲ့ မကိုက်ညီတဲ့ နစ်နာကြေးမျိုးပေးပြီး သိမ်းတဲ့ ဥပဒေတွေ ဒါတွေဟာ ပြင်သင့်တယ် လို့ထင်ပါတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၃) ရပ်ကွက်နေ ဦးသိန်းဝင်းက ပြောသည်။
 
အမျိုးသားဒီမိုကရေစီအင်းအားစုပါတီအနေဖြင့် လွတ်တော်အသီးအသီးတွင်း ကိုယ်စားလှယ်ပေါင်း(၁၆) ဦးရှိ ခဲ့သော်လည်း လက်ရှိတွင် အကြောင်းမျိုးမျိုးကြောင့် ပါတီမှ နုတ်ထွက်သွားသဖြင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီကိုယ်စားလှယ်များအနေဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ် (၂)ဦး၊ ပြည်သူ့လွတ်တော်ကိုယ် စားလှယ် (၄)ဦး၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်(၈)ဦး သာ လွတ်တော်အတွင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
 
ပြည်ထောင်စုလွတ်တော်များအနေဖြင့် ပထမအကြိမ် တတိယပုံမှန်အစည်းဝေးကို ၂၀၁၂ခုနှစ် မေလ ၂ ရက်နေ့ တွင် ရပ်နားခဲ့ပြီး ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၂ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။