Tuesday, May 8, 2012

 ထိုင်းအရှေ့ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ Rayong ပြည်နယ်ရှိ Map Ta Phut စက်မှုဇုန်တွင်ရှိသော ဓာတုစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက မေလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းစက်မှုဇုန်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းပေးရန် ဒေသခံများက ဆယ်စုနှစ်တစ်ခုကျော်ကြာ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ စက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိပ်မီးခိုးများ လေထဲပျံ့နှံ့နေမှုကြောင့် ယင်းအနီးမှ လူရာပေါင်းများစွာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ သူ ၁၂ ဦးအနက် အများစုမှာ စက်ရုံလုပ်သားများဖြစ်ကြောင်း သိရသည်။

မြို့တော်ဘန်ကောက် တောင်ဘက်မှ မိုင် ၉၀ အကွာတွင်ရှိသော ယင်းပြည်နယ်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်များထဲတွင် ပါဝင်သည်။ ယင်းဇုန်ကြောင့် လေထုညစ်ညမ်းမှု ဆိုးရွားမှုကို ၁၉၈၀ ပြည့်နှစ်တွင် စတင် သတိထားမိခဲ့သော်လည်း ဒေသခံများက ၁၉၉၇ ခုနှစ်ရောက်မှသာ ယင်းဇုန်ရွှေ့ပြောင်းရေး တောင်းဆိုလှုံ့ဆော်မှုများ စတင်ပြုလုပ်ခဲ့သည်။
ယင်းဒေသရှိ ကလေးများမှာ နာမကျန်းဖြစ်ခြင်း၊ ကင်ဆာဖြစ်မှု မြင့်တက်လာခြင်းနှင့် အသက်ရှူရ ခက်ခဲသည့် ရောဂါဖြစ်ပွားခြင်းတို့ မြင့်တက်လာပြီးနောက် ဒေသခံများက တိုင်ကြားမှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။