Tuesday, May 8, 2012

 အာဖဂန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို နှိပ်စက်သူများအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

အာဖဂန်ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို နှိပ်စက်ညှဉ်းပန်းခဲ့သော ယောက်ျားဖြစ်သူ၏ မိသားစုဝင်သုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်ရှိ Sahar Gul ကို နိုင်ငံအရှေ့မြောက်ပိုင်း၊ Baghlanပြည်နယ်ရှိ သူ့ယောက်ျားဖြစ်သူ၏ နေအိမ် မြေအောက်ထပ်တွင် ပြီးခဲ့သောနှစ်၊ ဒီဇင်ဘာလက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Gul ကို သူ၏ ယောက်ျားဖြစ်သူ၏ မိဘနှစ်ဦးနှင့် ညီမဖြစ်သူက မီးဖြင့်ရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ ခြေသည်းများ ခွာခြင်းတို့ဖြင့် နှိပ်စက်ခဲ့သလို အိမ်သာထဲတွင် ခြောက်လကြာ ပိတ်ထားခဲ့ကြောင်းလည်း သိရသည်။

Gul အမှုကိုကူညီပေးခဲ့သော Woman for Afghan Women ကမူ ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်း ယင်းအဖွဲ့ မန်နေဂျာဟူမာဆာဖီက ပြောကြားခဲ့သည်။ မိန်းကလေးတစ်ဦးကို သေလောက်သည်အထိ နှိပ်စက်ခဲ့သူများကို ထောင်ဒဏ် ၁၀ နှစ်စီသာ ချမှတ်ခြင်းမှာ လုံလောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

Gul အမှုမှာ ပြည်တွင်းပြည်ပ အာရုံစိုက်မှုခံခဲ့ရပြီး ကဘူးလ်မြို့တွင် ပြုလုပ်ခဲ့သော တရားခွင်သို့ Gul လည်း တက်ရောက်ခဲ့သည်။ တရားခွင်သို့ ရောက်လာစဉ် သူ့ယောက်ျား၏ မိသားစုဝင်များကို မြင်တွေ့စဉ် Gul မှာ အစပိုင်းတွင် ကြောက်လန့်ခဲ့သော်လည်း ပြန်လည်တည်ငြိမ်ခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်သူများအတွက် သေဒဏ်ချမှတ်ရန် တောင်းဆိုခဲ့ကြောင်း ဆာဖီက ပြောကြားခဲ့သည်။

Gul ၏ယောက်ျားနှင့် ခဲအိုတို့သည်လည်း နှိပ်စက်ညှဉ်းပန်းမှုတို့တွင် ပါဝင်ကြောင်း စွပ်စွဲခံထားရပြီး လွတ်မြောက်နေဆဲဖြစ်သည်။

အာဖဂန်အမျိုးသမီး ၈၇ ရာ ခိုင်နှုန်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လက်ထပ်ရန် အဓမ္မစေခိုင်းခြင်းတို့ ကြုံနေရကြောင်း Oxfam ၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။