Tuesday, May 8, 2012

နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား

ရန်ကုန်၊ မေ ၃

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါဖြစ်ရပ်မှာ အသက် ၂ရ နှစ်အရွယ် မ ... မှာ ခင်ပွန်းနှင့်အတူ ရှိနေစဉ် ရဲတပ်သား ရန်နိုင်လင်းက ဘဲပျောက်သည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် ရှိသည့်အတွက် မ.... ၏ တူဖြစ်သူများကို မေးမြန်းရာ ၄င်းက မရှိကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ၄င်းအမျိုးသမီး၏ အမျိုးတော်စပ်သူတစ်ဦးကို မေးမြန်းရာ ၄င်းကမရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြောင်းပြောခဲ့ပြီး ခင်ပွန်းဖြစ်သူက ၄င်းအမျိုးသမီးကို ဘုန်းကြီးကျောင်းသို့ အဆိုပါနယ်ထိန်းအား လိုက်ပို့ရန် ပြောဆို၍ လိုက်ပို့ရာမှ စက်ဆန်းသုသာန်ဘေးတွင်ရဲတပ်သားက ၄င်းကို အဓမ္မပြုခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံသို့ တိုင်ကြားချက်အရ သိရသည်။

ယင်းကဲ့သို့ဖြစ်ရပ်မျိုး ရပ်ကွက်တွင် မရှိသင့်ကြောင်း၊ မဖြစ်စေချင်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်မျိုးကို ဥပဒေအရ ကာကွယ်ပေးရန်လိုကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် နယ်ထိန်း ရဲတပ်သားကို ပြစ်မှုဥပဒေအရ အရေးယူ နိုင်သကဲ့သို့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပါ အရေးယူ နိုင်ကြောင်း လုပ်သက် ၃၀ ခန့်ရှိ ရဲအရာရှိတစ်ဦးကဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း သက်ဆိုင်ရာ ရဲဌာနသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအောက်ရုံရပ်ကွက် စက်ဆန်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် ကြည့်မြင်တိုင်ရဲစခန်းက (ပ)၂၇၉/၁၂ ပုဒ်မ - ၃၇၆ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှသိရသည်။
The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။