နိုင်ငံခြားငွေဘဏ်စာရင်း
ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက်
မော်တော်ယာဉ် များအား တင်သွင်းခွင့်ပြုလိုက်သောကြောင့်
ရန်ကုန်မြို့အတွင်းရှိ မော်တော်ကားဈေးနှုန်းများ ကျပ်သိန်းရာ ကျော်သည်အထိ
ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့်
မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင်
နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများအား ၂၀၀၇
ခုနှစ်နှင့်အထက် မော်တော်ယာဉ် များအား တင်သွင်းခွင့် ပြုလိုက်ကြောင်း
သိရသည်။
“စီးပွားကူးသန်းက
နိုင်ငံသားတွေကို ကားတင်သွင်းခွင့်လည်းပြုလိုက်ရော ကျပ်သိန်း
(၃၂၀)လောက်ရှိတဲ့ Toyota ရွှေငါး တစ်စီးကို သိန်း ၂၀၀ နဲ့ရောင်းတာကို
မ၀ယ်ရဲကြသေးဘူး။ ကားပါမစ်ကိုင်ထားတဲ့သူတွေလည်း သေတာပဲ၊ သူတို့ဆို သိန်း ၇၀
လောက် နစ်နာသွားတာပေါ့”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ၀ါရင့် ကားရောင်းဝယ်
ရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းကျော်သူက ပြောသည်။
မေလ ၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသသောမော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာကြီးကြပ်ရေး ကော်မတီအစည်းအဝေး(၃/၂၀၁၂) တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိုင်ငံခြားငွေဘဏ် စာရင်းဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများကို ၂၀၀၇ ခုနှစ် မော်ဒန်နှင့် အထက်ယာဉ်များ(ခရီးသည်တင် ဘက်စ် ကားများမှအပ) ကို ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့်ပြုမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရန်ကုန်မြို့ကားဈေးကွက်အတွင်းရှိ ကျပ်သိန်း (၃၀၀) ၀န်းကျင်ရှိသောကားများမှာ ကျပ်သိန်း (၂၀၀) အောက်နှင့် ကျပ်သိန်း (၅၀၀)၀န်းကျင်ရှိသောကားများမှာ ကျပ်သိန်း (၃၀၀)၀န်းကျင်အထိ ချက်ခြင်းဈေးကျ ဆင်းခဲ့သည်ဟု ရန်ကုန်မြို့အတွင်းရှိ ကားရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
“တစ်ရက်တည်းနဲ့ကို ကားဈေးက သိန်းတစ်ရာကျော်ကျသွားတယ်ဆိုတာ ပြည်သူတွေအတွက် ၀မ်းသာ စရာပါပဲ။ ပထမ ကားတင်သွင်းထားတဲ့သူတွေနဲ့ ကားပြန်ရောင်းမယ့်သူတွေသူတွေကတော့ တော်တော်ကို နစ်နာ သွားတာပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
ယခုလို စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံခြားငွေဘဏ်စာရင်းရှိသူ နိုင်ငံသားများအား ကားတင်သွင်းခြင်းကို ခွင့်မပြုမီက ရန်ကုန်မြို့ ကားပါမစ် ဈေးကွက်အတွင်း၌ ကားပါမစ်တစ်ခုလျှင် ကျပ်ငွေ သိန်း ၈၀ ၀န်းကျင်အထိ ရှိခဲ့သည်။
ထိုကဲ့သို့
ကားတင်သွင်းခွင့်ပြုပြီးနောက် မေလ(၈)ရက်နေ့တွင် ဈေးကွက်အတွင်းတွင်
ကာပါမစ်ဈေးကွက် ပျောက်ကွယ်သွားကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်း
လုပ်ကိုင်သူများက ဆိုသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။