Wednesday, May 9, 2012

ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အိုးအိမ်ဦးစီးဌာနမှ ပြန်လည် သိမ်းဆည်းသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ ဝန်ထမ်း မြေကွက်များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထား သော်လည်း ယခုအချိန်အထိ ဝန်ကြီးဌာနထံမှ ညွှန်ကြားချက် ရရှိထားခြင်း မရှိသေးကြောင်း မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာန မြေယာနှင့် အခွန်ဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ချိုဦးက The Voice Weekly သို့ ယနေ့ ပြောကြားသည်။ 

"ဝန်ကြီးချုပ် ပြောတာကို ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ လုပ်ငန်းလုပ်ဖို့ ကြတော့ အဆင့်ဆင့် ညွှန်ကြားချက် စောင့်ရတဲ့ အတွက် အခုတော့ အတိအကျ ပြောလို့ မရသေးဘူး" ဟု ၎င်းက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြေကွက်များကို ပြန်လည် အပ်နှံရန် မြေပိုင်ရှင်များကို အသိပေး အကြောင်းကြား ထားပြီး သတ်မှတ်ရက်အတွင်း လာအပ်သည့် သူများကို မြေကွက်ဖိုး ပြန်ထုတ်ပေး ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှူ ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော တိုင်းဒေကြီး အထူး လွှတ်တော် အစည်းအဝေး အပြီးတွင် ဝန်ထမ်း မြေကွက်များကို လက်ရှိ နေရာတွင်ပင် ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ကြောင့် မြေကွက်ပိုင် ပြည်သူများ မျှော်လင့်ချက် ပြန်လည်ထားရှိကာ မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်မေးမြန်း စုံစမ်းသော်လည်း ညွှန်ကြားချက် မရသေးဟုသာ ပြောနေကြောင်း လုပ်ပေးမည်ဟု ပြောပြီးပါက အမြန်ဆုံး အကောင်အထည်ဖော် သင့်ကြောင်း အဆိုပါ မြေကွက်များကို ပိုင်ဆိုင်ထားသူများက ဆိုသည်။
The Voice Weekly
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။