Wednesday, May 9, 2012

ကားတင်သွင်းခွင့်ပေးသလို ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြေရှင်းရန် လိုအပ်

ကားတင်သွင်းခွင့်များအား ထပ်မံခွင့်ပြုခဲ့ပြီးနောက် ရန်ကုန်မြို့တွင်း၌ ကြုံတွေ့နေရသော ယာဉ်ကြောပိတ် ဆို့မှုများကိုလည်း ဦးစားပေးဖြေရှင်းသင့်ကြောင်း ရန်ကုန်မြို့ခံများကပြောဆိုလျက်ရှိသည်။

  ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိလမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများမှာ  နေရာအနှံ့ဖြစ်ပေါ်လျက်ရှိပြီး၊
မီးပွိုင့်များတွင်လည်း အချိန်ကြာအောင်စောင့်ဆိုင်းရခြင်းများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။


ယာဉ်ကြောပိတ်ဆို့မှုကတော့ ပြုပြင်သင့်တယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာလဲ အချိန်နဲ့အလုပ်သွားအလုပ်ပြန်ရာဆိုတော့ လမ်းတွေပိတ်တာနဲ့မကြာသင့်ပဲကြာနေရတယ် အလုပ်မှာလဲ အနှောက်ယှက်ဖြစ်ပါတယ်ဟု မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ကိုသူထင်က ပြောသည်။


လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းဆုံမီးပွိုင့်အချို့တွင် ကားများအချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရမှု နှင့်ပတ် သတ်၍ လမ်းဆုံလမ်းခွများတွင် ကောင်းကင်တံတား(SKY WAY)ထိုး၍ ဆောင်ရွက်နိုင်ကြောင်း  ၀ါရင့်ကားပွဲ စားတစ်ဦးက ဆိုသည်။


 “လှည်းတန်းလမ်းဆုံလိုနေရာမှာ မိနစ် ၂၀ လောက်စောင့်ရတာကနေ ၃ မိနစ်လောက်ပဲ စောင့်ရမယ်ဆိုရင် အဆင်ပြေတာပေါ့ ” ဟု ၀ါရင့်ကားပွဲ စားတစ်ဦးက ပြောသည်။
ကားစီးရေများလာသောကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းကို ဖြေရှင်းနိုင်ရေးအတွက့် နိုင်ငံတော် အစိုးရကလည်း စီစဉ် လျက်ရှိကြောင်းသိရှိရသည်။

“လမ်းတံတားတွေနဲ့ ပတ်သတ်လို့ကတော့ သူတို့မှာလည်း စီမံကိန်းတွေရှိမှာပါ။ ဘယ်လိုလုပ်ကိုင်နေသလဲ ဆိုတာတော့   ဝေဖန်ချက်မပေးချင်ဘူး။ကားဈေးကွက်စီးပွားရေးနဲ့လည်း မပတ်သတ်ဘူးလေ” ဟု ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ကားအကျိုးဆောင်လုပ်ငန်းဆောင်ရွက်နေသူကိုမင်းဇော်က ပြောသည်။


၂၀၁၁ခုနှစ် စက်တင်ဘာလမှစ၍ ကားတင်သွင်းခွင့်များ စတင်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ ကားအစီးရေ (၄)သောင်းခန့် တင်သွင်းပြီးဖြစ်ကြောင်း၊ ဆက်လျက် တင်သွင်းနိုင်မည့် အခွင့်အလန်းများလည်း ပေါ်ပေါက်  လျက်ရှိသောကြောင့် ကားစီးရေမှာ တိုးလာမည်ဖြစ်ကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုလျက်ရှိသည်။

 “ကားတင်သွင်းခွင့်တွေထပ်ပေးတယ် လမ်းတွေကမကောင်းဘူး၊ ယာဉ်ကြောပိတ်ဆို့မှုတွေက မဖြစ်သင့်တဲ့ နေရာမှာ အကြာကြီး ပိတ်ဆို့နေမယ်ဆိုရင် ပြည်သူတွေရဲ့အမြင်မှာ မလိုလားအပ်ပဲ တင်သွင်းခွင့်တွေ ထပ်ပေး တယ်လို့ မြင်လာနိုင်ပါတယ် ။ ကားတင်သွင်းမှုကိစ္စနဲ့ လမ်းတွေကောင်းဖို့ကို တပြေးညီ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ”ဟုဆာကူရာ ကားရောင်းဝယ်ရေးလုပ်ငန်းမှ  ဦးမြင့်စိုးပြောသည်။


ထို့ပြင် ဦးမြင့်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နီမိတ်အတွင်းရှိ လမ်းများမှ ပျက်စီးနေသည့် လမ်းများအား လမ်းတည် ဆောက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန်အတွက်လည်း အဓိကလိုအပ်လျက်ရှိ ကြောင်း ၄င်းကဆက်လက်ပြောကြား ခဲ့ပါသည်။


“စည်ပင်သာယာနယ်နမိတ်အတွင်းမှာရှိတဲ့ ပျက်နေတဲ့လမ်းတွေကို အမြန်ဆုံးပြင်သင့်ပါတယ်။ လမ်းတံတား တွေကို   နိုင်ငံတကာအဆင့်မှီဖြစ်ဖို့ကြိုးစားသင့်ပါတယ်။”ဟု ဦးမြင့်စိုးကဆက်ပြောသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။