Wednesday, May 9, 2012

ဝိုင်းဝန်းရိုက်မှုကြောင့် လူတစ်ဦးသေဆုံးသည့် ဖြစ်ရပ်အပေါ် ခရိုင်တရားသူကြီး၏ ပြစ်ဒဏ်ချမှတ်ခြင်းအား တရားလိုမှ မကျေနပ်၍ ပြစ်ဒဏ်တိုးမြှင့်ရန် လျှောက်ထားမှုအား တိုင်းတရားရုံးကလက်ခံ

လူစည်ကားရာ ပုဂ္ဂလိက ဆေးခန်းတစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သည့် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့သောဖြစ်ရပ် နှင့် ပတ်သက်၍ တရားခံများအား တရားရုံးက အပြင်းအထန် နာကျင်စေမှုဖြင့်သာ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် တရားလိုဘက်မှ မကျေနပ်၍
လူသတ်မှုပုဒ်မဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် ဧပြီလ ၄ ရက်နေ့တွင် လျှောက်ထားမှုအား တိုင်းတရားရုံးမှ လက်ခံထားကြောင်း သိရှိရသည်။
စမ်းချောင်းမြို့နယ် အာရှတော်ဝင် ဆေးကုခန်းရှေ့ရှိ မြန်မာ့ရိုးရာထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်းဖြစ် သူ ကိုတင်မောင်ဆွေ (အသက် ၃၆ နှစ်) ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် တုတ်များဖြင့် လူကိုးဦးခန့်က ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ဒုတိယ ခရိုင်တရားသူကြီး ၃ မှ ပြစ်ဒဏ်ချမှတ်လိုက်သည့် အပေါ် မမျှတမှုဟု ယူဆရသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ် တိုးမြှင့်စေရေးအတွက် ပြင်ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

အခုလိုထပ်ပြီး တိုင်ကြားရခြင်းရဲ့ အကြောင်းရင်းကလည်း တရားသူကြီးရဲ့ မမှန်မကန် ဆုံးဖြတ်ချက်ပေးခဲ့တဲ့အပေါ် တရားလိုအနေနဲ့ လက်ခံလို့မရဘူး။ သူတို့ မတရားလုပ်လို့ သေသွားတဲ့ အခြေအနေကို ထိခိုက်နာကျင်စေမှုနဲ့ ပြောင်းလဲပြီး အမိန့်ချလိုက်တဲ့အတွက်  . . .
ဝိုင်းဝန်း၍ ရိုက်နှက်ထိုးခံရသူ ကိုတင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေးများထွက်ရှိကာ သတိမရတော့ဘဲ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက် နေ့ နံနက် သုံးနာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်က ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင် ၃ တွင် ဦးမောင်မောင်လွင် မှ ၂၀၁၁ ခုနှစ် ပြစ်မှုကြီးမှုအမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလိုပြုလုပ်၍ တရားခံများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့် ကျော်ထွေး တို့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ကြီး ၃၀၂ (၂) ဖြင့် တရားစွဲဆိုခဲ့သည်။
ထိုသို့စွဲဆိုပြီးနောက်တရားလို တရားခံများအပါအ၀င် သက်သေ အသီးသီးအား စစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုံးတော်မှ တရားခံညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး တရားခံ ကိုကိုဝင်းနှင့် ကျော်ထွေး တို့အားပုဒ်မ ၃၂၅/၁၁၄ အရ ထောင်ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ တရားခံများကို ခရိုင် တရားသူကြီးမှ ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် မမျှတသည့် အတွက် တိုင်းဒေသကြီးသို့ထပ်မံ၍ လျှောက်ထားခဲ့သူ သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင် က “ကျွန်တော်တို့ တိုင်းအဆင့်ကို ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင်ဆင်မှုတက်ရောက်ပေးရန် လျှောက်ထားတဲ့အခြေအနေကို တာဝန်ရှိသူတွေက လက်ခံလိုက်ပါပြီ။ ဒါပေမဲ့ ဒီနေ့ထိတော့ ကျွန်တော်တို့တွေကို မခေါ်သေးပါဘူး။ အခုလိုထပ်ပြီး တိုင်ကြားရခြင်းရဲ့ အကြောင်းရင်း ကလည်း တရားသူကြီးရဲ့ မမှန်မကန် ဆုံးဖြတ်ချက် ပေးခဲ့တဲ့အပေါ် တရားလိုအနေနဲ့ လက်ခံလို့မရ ဘူး။ သူတို့ မတရားလုပ်လို့ သေ သွားတဲ့အခြေအနေကို ထိခိုက်နာကျင်စေမှုနဲ့ ပြောင်းလဲပြီး အမိန့်ချလိုက်တဲ့အတွက် ပြည်သူတစ်ယောက် မတရားလုပ်ခံရတယ်လို့ ယူဆလို့ ထပ်ဆင့် တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။