Wednesday, May 9, 2012

UN World Tourism Organisation မှ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်၊ နှစ်ရက်တာ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့

73114

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်း(UN World Tourism Organisation-UNWTO)မှ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Dr. Taleb Rifai သည် ၂၀၁၂ ခုနှစ် မေလ ၆ ရက်နှင့် ၇ ရက်နေ့ များက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ကျွန်တော် မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်တဲ့ခရီးစဉ်ဟာ အလွန်အကျိုးရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီနေ့မနက်ခင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မနေ့ညကတော့ ၀န်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ အကြောင်းအရာ အများကြီး ဆွေးနွေးခဲ့ကြပါတယ်”ဟု Dr. Taleb Rifai က မေလ ၇ ရက်နေ့ ညနေပိုင်း၌ ပြည်တွင်းပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“သမ္မတဟာ ခရီးသွားလုပ်ငန်းရဲ့ အလားအလာနဲ့ အကျိုးရှိမှုအပေါ်မှာ အလွန်ပဲ အာရုံစူးစိုက်မှု ရှိနေပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ် က UNWTO ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေတ္တဆိုင်းငံ့ခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတသည်UNWTO သို့ ပြန်လည်ဝင်ရောက်ရန် တရားဝင် အသိပေး ပြောကြားထားကြောင်းUNWTO ၏ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ အရင်ကလည်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ပြန်ဝင်ဖို့ဆိုတာတော့ လွယ်ကူပါတယ်။ ကျွန်တော်တို့ ၀မ်းသာစွာ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံဟာUNWTO ကို ပြန်ဝင်ချင်တဲ့အကြောင်း သမ္မတက ဒီနေ့ ကျွန်တော့် ကို တရားဝင် အသိပေးပြောကြားပါတယ်”ဟု Dr. Taleb Rifai က ပြောကြားသည်။
UNWTO သည် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ်တွင် ခရီးသွားလုပ်ငန်း တိုးတက်မှုနှင့်ပတ်သက်၍ ကူညီမှု များလည်းပြုလုပ်နေပြီး ယင်းသို့ ကူညီရခြင်းမှာ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ အကြားတွင် ဆက်နွယ်မှုများ ရှိနေကာ ခရီးသွားလုပ်ငန်းသည် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ပေါ်တွင် ပံ့ပိုးမှုပေး နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
UNWTO ၏ အထွေထွေအတွင်းရေးမှူးချုပ် Dr. Taleb Rifai မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီး စဉ်အတွင်း ၎င်းနှင့်အတူ အာရှပစိ ဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Xu Jing လည်း လိုက်ပါခဲ့ကာ ပုဂံ ဒေသသို့ သွားရောက်လေ့လာမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။