Wednesday, May 9, 2012

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

မြေမြုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဟာ တိုင်းပြည်ရဲ့ မသန်စွမ်းတာကို ဖော်ပြနေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား လိုက်ပါတယ်။
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရဲ့ မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဖြစ်ပါတယ်။

"မြေမြူပ်မိုင်းထိလို့ မသန်စွမ်းသူများဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ တကယ့် မသန်စွမ်းချက်တခုကို ဖော်ပြနေတယ်။ အဲဒါဟာ အချင်းချင်း ငြိမ်းချမ်းရေး လိုနေတဲ့ကိစ္စပါ။ တကယ့်မသန်စွမ်းတယ်ဆိုတာဘာလဲဆိုတာ ကျွန်မတို့ ပြန်ပြီး စဉ်းစားစရာရှိတယ်။ မြေမြူပ်မိုင်းထိလို့ မသန်စွမ်းတဲ့သူတွေက မသန်စွမ်းတာလား။ ဒီမြေမြုပ်မိုင်းကို မြုပ်တဲ့သူတွေက မသန်စွမ်းတာလား။
မြေမြုပ်မိုင်းတွေ မြုပ်ရမဲ့ အခြေအနေကိုပျောက်ကွယ်သွားအောင် မလုပ်နိုင်တဲ့ ကျွန်မတို့အားလုံးဟာ မသန်စွမ်းတာလားဆိုတာ ကျွန်မတို့အားလုံး စဉ်းစားဖို့လိုတယ်။ "

အခန်းအနားမှာ မသန်မစွမ်းသူများအပါအ၀င် အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင် ရေးမှာ နိုင်ငံသား အားလုံး တာဝန်ရှိသလို မသန်မစွမ်းသူတွေ ရဲ့ မိသားစုဘ၀ တိုးတက်မြင့်မားရေး အတွက် နိုင်ငံသား အားလုံးက ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်းလဲ
ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

ဒီအခမ်းအနားကို သီတဂူဆရာ တော်ကြီးအပါအ၀င်၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြားနိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က မသန်မစွမ်းမိသားစုတွေအတွက် ဘီးတပ်ကုလားထိုင်တွေ လှူဒါန်းပေးအပ်ခဲ့သလို ဂုဏ်ပြုအမှာစကားပြောကြားတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ပုလင်းပန်းချီ နဲ့ ပြန်လည်ဂုဏ်ပြုခဲ့ပါတယ်၊
 
RFA-Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။