Tuesday, December 4, 2012

ကော်မရှင်အသစ်ကို ပြည်သူ့အသံဖြင့် ကူညီမည့် (၈၈)မျိုးဆက်




 
နိုင်ငံတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အသစ်၌ (၈၈)မျိုးဆက်ကျောင်းသားများ ပါဝင်ခြင်း မရှိသော်လည်း ပြည်သူ့အသံဖြင့် ကော်မရှင်အား အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 
 
ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအနေနဲ့ပါဝင်ရင် လုံလောက်တယ်လို့ ယူဆတယ်၊ ပြည်သူ့အသံတွေကို စုပြီး ကော်မရှင်ကို ကူညီမှုပြုလုပ်သွားမယ်ဟု (၈၈)မျိုးဆက်ခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
 
 
စုံစမ်းစစ်ဆေးရေးကော်မရှင်အဟောင်း၌ (၈၈)မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးပါ ၀င်သော်လည်း လက်ရှိ ကော်မရှင်အသစ်၌ ၄င်းတို့မှာ ပါဝင်ခြင်းမရှိတော့ပဲ၊ ပြည်သူ့အသံ နှင့် ကော်မရှင်ကို ကူညီမှု ပြုလုပ်ရန် ကြံရွယ်ခြင်းဖြစ်သည်။
 
 
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ်(၉၅/၂၀၁၂)ဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းသည့် အမိန့်ကြေငြာစာတစ်ရပ် ကို ဒီဇင်ဘာ(၃)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
 
 
ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့အရောက် နိုင်ငံတော် သမ္မတထံသို့ တင်ပြရမည်ဖြစ်ပြီး ထိုအစီရင်ခံစာအပေါ်မူတည်၍ လက်ပံတောင်း တောင်အရေးအား ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ကော်မရှင် ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း (၁၆) ဦးပါဝင်သည်။ ၄င်းအဖွဲ့မှာ အတွင်းရေးမှူးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ဦးကျော်တင့်ဆွေ ဖြစ်သည်။
 
 
ကော်မရှင်မှာ လိုအပ်ချက်ရှိပါက လုပ်ငန်းကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များကို နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် တာဝန်ပေးအပ်နိုင်ကြောင်းကိုလည်း သိရသည်။
 
 
ကော်မရှင်မှ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများမှာ ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့်နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးရန်၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင် နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများအား စစ်ဆေးရန်တို့ဖြစ်သည်။
 
 
ထို့အပြင်လုပ်ဆောင်ရမည့်တာဝန်များမှာ  ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ-မရှိ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်ပေးရန်နှင့် ၄င်းစီမံကိန်း နှင့် ဆက်နွယ်၍ စိစစ်ရန် လိုအပ်သည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများအားစစ်ဆေး ရန်အပြင် ကော်မရှင်၏ အထွေထွေသုံးသပ် တင်ပြချက်နှင့် အကြံပြုချက်ပေးရမည်ဖြစ်သည်။

Myit Makha Madia Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။