Tuesday, December 4, 2012

ဟိုတယ်ဆောက်ရန် အ၀ယ်လိုက်နေသည့် ဖရဲတောင်အိမ်ခြံမြေဈေးကွက်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ရန် အိမ်၊ ခြံမြေ၀ယ်ယူမှုများကြောင့် အရောင်းအ ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း တောင်ကြီး အိမ်ခြံမြေအကျိုးဆောင်များထံက သိရှိရသည်။

 
 
"ဖရဲတောင်မှာ မြေဈေးလည်း ချိုတယ်၊ ရှုခင်းလည်း ကောင်းတယ်။ မြို့နဲ့လည်း မဝေးတော့ အရောင်း အ၀ယ် ကောင်းတယ်"ဟု ဒေသခံအိမ်ခြံမြေ ၀ါရင့်အကျိုးဆောင် ကိုဇော်ဝင်းထွန်းက ပြောသည်။
 
 
တောင်ကြီးမြို့ တောင်ဘက် ဖရဲတောင်ရွာရှိ မြေကွက်များသည် ရှု့ခင်းကောင်းမွန်ခြင်း၊ မြို့၊ ဂေါက် ကွင်း၊ တောင်တန်းများနှင့် နီးခြင်း၊ ဈေးနူန်းသက်သာခြင်းတို့ကြောင့် ဟိုတယ်လုပ်ငန်း ရင်းနှီးလုပ်ကိုင် ရန် ကောင်းမွန်ကြောင်း ၄င်းက ထောက်ပြပြောဆိုသည်။
 
 
အဆိုပါ ဖရဲတောင်ရွာရှိ ပေ (၄၀×၆၀) မြေကွက်များသည် အရောင်းအ၀ယ်ဖြစ်ပေါ်လျှက်ရှိပြီး ကျပ် သိန်း (၁၀၀)၀န်းကျင်   ဈေးကွက်ရှိကြောင်း၊ မြို့ အဓိကလမ်းမကြီးဘေး အချက်အချာကြသော မြေကွက် (ပေ ၄၀×၆၀) မြေကွက်များသည် ကျပ်သိန်း (၃)သောင်းဝန်းကျင် ဈေးကွက်ရှိကြောင်း သိရှိ ရသည်။
 
 
အလားတူ မြို့မဈေးအနီးရှိမြေကွက်များသည်လည်း ကျပ်သိန်း (၃)သောင်းဝန်းကျင် ပေါက်ဈေးရှိပြီး တောင်ကြီး မြို့ရှိ အိမ်၊ ခြံမြေများသည် အရှုပ်အရှင်း ကင်းခြင်းကြောင့် အရောင်းအ၀ယ် ကောင်းမွန်လျှက်ရှိသည်။
 
 
"တောင်ကြီးမြို့မြေဈေးက ကောင်းတယ်၊ မြို့တွင်းမှာဆို ကျပ်သိန်း သောင်းကျော်တယ်။ ရာသီဥနဲ့ နေလိုထိုင်လို့ကောင်းကြတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပိုက်ဆံရှိသူတွေက ၀ယ်ယူနေကြတယ်" ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင် ကိုမင်းသူက ပြောသည်။
 
 
အဆိုပါဒေသရှိ စောစီရပ်ကွက် (မီးပုံးပျံလွှတ်ကွင်းအနီး)ရှိ ပေ(၄၀×၆၀)မြေကွက်များသည် ကျပ်သိန်း (၃)ထောင်ကျော် ၊ ရေအေးတွင်း ရပ်ကွက်ရှိ ပေ(၄၀×၆၀)မြေကွက်များသည် ကျပ် (၃)ထောင် (၅)ရာနှင့် သစ်တော ရပ်ကွက်ရှိ   ပေ(၇၀)ပတ်လည်မြေကွက်များသည် ကျပ်သိန်း (၃)ထောင်မှ (၃)ထောင် (၅)ရာ အထိဈေးကွက်ဖြစ်ပေါ်လျက်ရှိသည်။
 
 
တောင်ကြီးမြို့သည် စီးပွားရေးလုပ်ငန်းရှင်းများနှင့် အပန်းဖြေသူများအတွက် အလွန်မျက်စီကျ စရာ ဒေသတစ်ခုဖြစ်ပြီး မီးပုံးပျံပွဲတော်၊ အင်းလေးကန်၊ ပင်းတယလှိုင်ဂူနှင့် အခြားစိတ်ဝင်စားစရာနေရာ များကြောင့်လည်း ယခုကဲ့သို့ အရောင်းသွက်နေခြင်းလည်းဖြစ်သည်။

Myit ma kha media group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။