Tuesday, December 4, 2012

မန္တလေးက လမ်းဘေး ကလေးများအတွက် သြစီ ဘုရားကျောင်း၏ စေတနာ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မန္တလေးမြို့ရှိ အိမ်ယာမဲ့ လမ်းဘေး ကလေးသူငယ်များအတွက် ဂေဟာ နှစ်ခုကို သြစတြေးလျနိုင်ငံမှ Port Life ခရစ်ယာန် ဘုရားရှိခိုးကျောင်းက လာမည့်နှစ်တွင် ဆောက်လုပ် လှူဒါန်းပေးသွားမည် ဟု သိရသည်။

သီးနှံစိုက်ခင်းကျယ်နှင့် ကစားကွင်း အပါအဝင် ကလေး ၁ဝ ဦးထိ စောင့်ရှောက်ခံ နေနိုင်သည့် ဂေဟာများအတွက် မန္တလေးမြေကွက်များ ဝယ်ယူရန် သြစတြေးလျ ဒေါ်လာ ၈၆,ဝဝဝ (အမေရိကန်ဒေါ်လာ ၉ဝ,ဝ၉၃) ကောက်ခံရရှိ ထားပြီး ဖြစ်သည်။ အဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်သည့် သြစတြေးလျဒေါ်လာ ၅ဝ,ဝဝဝ အနက် ၂၈,ဝဝဝ ကောက်ခံရရှိထားပြီးဖြစ်သည်ဟု တရားဟောဆရာ Josh Poyzer အား ကိုးကား၍ မလေးရှားနိုင်ငံထုတ် Bernama သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို အခြေအနေမဲ့ ကလေးများအား သူခိုးဂျပိုး၊ သူတောင်းစားနှင့် ပြည့်တန်ဆာများအဖြစ် လမ်းဆိုးရောက်မသွားစေရန် ထိန်းသိမ်းတည့်မတ်ပေးလိုသည့် ရည်ရွယ်ရင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ဘုရားရှိခိုးကျောင်း အဖွဲ့ဝင် ဦးရေ ၃၅ဝ က နောက်ထပ်လိုအပ်မည့် ငွေပမာဏကို စုဆောင်းရှာဖွေလျက်ရှိပြီး ၂ဝ၁၃ ခုနှစ် မကုန်မီ အဆောက်အဦများ ပြီးစီးနိုင်မည်ဟု သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။