Tuesday, December 4, 2012

ကိုင်းမြေတရားဝင်လုပ်ကိုင်ခွင့်ရရှိရေး ရေကြည်ပဲစိုက်တောင်သူများ ဆန္ဒထုတ်ဖော်

 တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးစားသောက်ခဲ့သောကိုင်းမြေဧက (၇၅၀)အား တရားဝင်လုပ်ကိုင်ခွင့်ရရှိရန် အတွက်ရေကြည်  မြို့နယ်အတွင်း ကျေးရွာအချို့မှ လယ်သမား(၁၃၀)ခန့်က ဒီဇင်ဘာ(၂)ရက်နေ့နေ့လည်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထမင်းကိုဆားနဲ့စားပြီး အရမ်းကြီးတဲ့သစ်ချုံကြီးတွေ သစ်မြစ်ကြီးတွေကိုမြွေတွေ၊ ကင်းတွေကြားက ရှင်းလင်းပြီး စိုက်ပျိုးခဲ့ရ တာပါ။နောက် ဒီမြေတွေကို စိုက်ကွင်းထဲမှာ ပါတယ်ဆိုပြီး သိမ်းတယ်။လယ်သမားတွေက ဖယ်မပေးတော့ ပထမ ၁ ဧက ပဲ ၆ ပြည်နှုန်းနဲ့ နောက်တော့ ၁တင်းနှုန်း သီးစားအဖြစ် ပြန်ချပေးတယ်။ ဒီနှစ်ကျတော့ ၂ တင်းနှုန်းတိုးတောင်းတယ်။ ပိုးကျရင် ၁ ဧက ၁ တင်းတောင်မထွက်တော့ ဘယ်လို ဆက်လုပ်ရမှာလဲဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သောသရက်ချောင်း  ကျေးရွာအုပ်စု အလယ်စုကျေးရွာ မှ ဒေါ်လှလှဝင်းက ပြောသည်။
 
တောင်သူများ၏လယ်မြေများကို ၁၉၉၈ က အစိုးရမှနိုင်ငံတော်ပိုင်စိုက်ကွင်းမြေအဖြစ် သိမ်းယူ၍ ၁ ဧကလျှင် ပဲ ၆ပြည်နှုန်းဖြင့် သီးစားပြန်လည်ချထားပေးခဲ့ကာ ၂၀၀၈ ခုနှစ်တွင်လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်ချထားပေးခဲ့ကြောင်း သိရသည်။
 
စိုက်ကွင်းမြေလုပ်ပိုင်ခွင့်ရရှိခဲ့သည့်လုပ်ငန်းရှင်များက ၁ ဧကလျှင် ၁တင်းနှုန်းဖြင့် တောင်သူများကို လုပ်ပိုင်ခွင့်တဆင့် ပြန်လည်ချပေးခဲ့သည်။
 
တောင်သူတွေက ဒီနေရာခုတ်လိုက် ပြောင်သွားရင် တခြားနေရာချပေးလိုက်ဆိုတော့တောင်သူတွေက တောတည် သမားတွေ ဖြစ်နေတယ်။ တကယ်က ပလပ်မြေတွေနော်။နောက်ပိုင်းကျတော့ တောင်သူတွေတောရှင်းလို့ ပြောင်ခဲ့တဲ့မြေတွေကို သူဌေးတွေကို ချပေးလိုက်တော့ တို့တောင်သူတွေက ကိုင်းလုပ်ဖို့ကို အဲဒီသူဌေးတွေဆီ ခြေသလုံး သွားဖက်ရတယ်ဟု အလယ်စုကျေးရွာမှ တောင်သူ ဦးခင်အောင်က ပြောသည်။
 
မြေခ၊ သီးစားခ၊ စိုက်ပျိုးစရိတ်ကြီးမြင့်ချိန်တွင် ပဲဈေးကျလာမှုကြောင့်တောင်သူများ အရှုံးပေါ်နေစဉ် ယခုနှစ်အတွက် သီးစားခကို ၁ ဧက ၂တင်းနှုန်းတိုးမြှင့်ခဲ့သည့်အပေါ် တောင်သူများက မကျေနပ်ကြသည့်အတွက် ယခုလိုဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။
 
ဒီတောင်သူတွေထဲမှာ တောရှင်းရင်း မြွေကိုက်လို့သေသွားတဲ့ မိသားစုတွေအများကြီး ရှိတယ်။ သူတို့အသက်နဲ့ရင်းပြီး ဒီမြေကို လုပ်ခဲ့ကြတာ။ခုဒီလိုတွေဖြစ်နေတော့ သူတို့သားသမီးတွေ ကျောင်းမထားနိုင်ဘူး။စားဝတ်နေရေးတွေ အကုန်ကြပ် တည်းနေတယ်ဟု တောင်သူများအား လိုက်ပါကူညီပေးနေသည့် လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမောင်မောင်ကြီးကပြောသည်။
 
ယမန်နေ့ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်သူများက ယင်းမြေဧက ၇၅၀ အား တရားဝင်အတည်တကျ လုပ်ကိုင်ခွင့်ပေးရန်၊ သီးစားခအဖြစ် ၁ ဧကလျှင် ၁ တင်းနှုန်းသတ်မှတ်ပေးရန်နှင့် ယင်းသီးစားခအား နိုင်ငံတော်သို့နှစ်စဉ်ပေးသွင်းသွားမည်ဖြစ်၍ သီးစားခတာဝန်ကျေနေသရွေ့ သားစဉ်မြေးဆက်လုပ်စားခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
 
တောင်းဆိုချက်များ မရမခြင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း လယ်သမားများက ဆိုသည်။
 
  “ဒီကိစ္စက လယ်သမားတွေ တကယ်နစ်နာနေတာဗျ။ကလေးတွေလည်း ကျောင်းမထားနိုင်၊ စားဝတ်နေရေးလည်း တအားကြပ်၊ ဒါတွေကျနော်တို့ သိနေတာပဲ။ သူတို့ဘာသာ ဘောလုံးကွင်းထဲဆန္ဒပြလည်း လေထဲတင်ပျောက်သွားမှာ။ ခုလို မီဒီယာတွေ လာပြီး ရေးသားဖော်ထုတ်တော့ သူတို့ဒုက္ခတွေပြေ လည်သွားမယ်ထင်ပါတယ်ဟု ဆန္ဒဖော်ထုတ်ပွဲလုံခြုံရေး တာဝန်ယူခဲ့သည့် ငါးသိုင်းချောင်းမြို့မှအကြီးတန်း ရဲအရာရှိတဦးက ပြောသည်။
by Myit Makha Mediagroup on 3 Dec, 2012

Myit Makha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။