Thursday, November 8, 2012

ဆန်ဈေး ကျလာသော်လည်း အခြား စားသုံးကုန်များ ဈေးတက်နေဆဲ ပူတာအို


ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့၌ ယခင်လများက ဆန်နို့ဆီတစ်ဘူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချနေခဲ့ရာမှ နိုဝင်ဘာလမှ စ၍ တစ်ထောင်ဖိုး ဆန်နို့ဆီ(၅)ဘူးနှုန်းသို့ လျော့ချ ရောင်းချလာကြောင်း  ဒေသခံများထံက သိရသည်။


လက်ရှိအချိန်တွင် ကောက်သစ်စပါးများ ပေါ်ချိန်ဖြစ်၍ ဆန်အတွက် ယခင်ကဲ့ စိတ်ပူစရာမလိုသော်လည်း ကျန်စားသုံးကုန်ဈေးနှုန်းများမှာ အလွန်မြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။


 “အရင်လတွေတုန်းက ဆန်နို့ဆီတစ်ဘူးကို ငါးရာပေးရတယ်၊ အခု တစ်ထောင်ဖိုး နို့ဆီဘူး ငါးလုံးဆိုတော့ မဆိုးဘူးလို့ပြောရ မှာပေါ့၊ ဒါပေမဲ့အခြားစားသောက်ကုန်ပစ္စည်းတွေက အဆမတန်ဈေးတက်နေတယ် ဟု ပူတာအို NLDပါတီမှ ဦးရောစီက ပြောသည်။


မြစ်ကြီးနားနှင့်ပူတာအိုသို့ ဆက်သွယ်ထားသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးလိုက်သောကြောင့် ကားလမ်းကြောင်းများ ပြတ်တောက်၍ စားသောက်ကုန်ပစ္စည်းအ၀င်နည်းပါးခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။


ပူတာအိုဈေး၌ ကြက်ဥတစ်လုံးလျှင်(၅၀၀)ကျပ်၊ မုံညှင်းဆီ တစ်ပုလင်းလျှင်(၁၂၀၀)ကျပ်၊ ဆား(၅၀)သား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ကြက်သွန်နီ(၁)ပိသာလျှင်(၂၀၀၀)ကျပ် စသည့်နှုန်းများဖြင့် အသီးသီးရောင်း ချလျက် ရှိခြင်းဖြစ်သည်။


အိမ်ဆောက်ပစ္စည်းများမှာ (၆)ပေ အပါး သွပ်တစ်ချပ်လျှင်(၄၅၀၀)မှ(၅၀၀၀)ကြား ရှိပြီး၊ဘိလပ်မြေတစ်အိတ် လျင်(၃၅၀၀၀)မှ(၃၈၀၀၀)အထိ ဈေးရှိကြောင်းကိုလည်း သိရသည်။


စက်တင်ဘာလမှစ၍ ကားလမ်းများ ပြတ်တောက်ခဲ့ခြင်းကြောင့် ပူတာအိုသို့ ဆန်နှင့်အခြားကုန်ပစ္စည်းများ တင်ပို့ရာတွင် လေယာဉ်လမ်းမှ တင်ပို့နေရပြီး လေယာဉ်၌ ဆန်အိတ်ပေါင်း(၆၅၀)အထိသာ တင်ဆောင်၍ ရကြောင်းကိုလည်းသိရသည်။


ထိုသို့ လေယာဉ်လမ်းကြောင်းမှ တင်ပို့ရသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း ပူတာအိုမှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။


  “ကားလမ်းတွေကောင်းရင်တော့ ပစ္စည်းတွေလည်း များများဝင်လာပြီဆိုရင် ဈေးနှုန်းတွေလည်းကျမှာပါ၊ အခုက ပစ္စည်းလည်း ရှားတယ်၊ နောက်ဝင်လာတဲ့ပစ္စည်းတွေက လေယာဉ်လမ်းကြောင်းကနေ လာတော့ စရိတ်များတယ်လေဟု ကုန်စုံဆိုင်ရောင်းချသည့် ဦးဝင်းမောင်က ပြောသည်။


စက်တင်ဘာလနှင့်အောက်တိုဘာလများ၌ ပူတာအိုဒေသခံများအနေဖြင့် ဆန်ရှားပါးမှုနှင့် ကြုံတွေ့ခဲ့ရပြီး ၀ါးမြစ်၊ပိန်းဥ၊ပြောင်းဖူးစသည်များကို စားသုံးခဲ့ရသည်အထိဖြစ်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။


ပူတာအိုမြို့ပေါ်၌ လူဦးရေ နှစ်သောင်းဝန်းကျင်နေထိုင်ကာ ပူတာအိုခရိုင်၌ တပ်ရင်း(၁၀)ခု အခြေစိုက်၍ စုစုပေါင်းလူဦးရေ (၂)သိန်းဝန်းကျင်ရှိသည့် ဒေသတစ်ခုဖြစ်သည်။



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။