Thursday, November 8, 2012

ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်အနီး ညအချိန် အကြမ်းဖက်သူ ရှစ်ဦးအား အမှုဖွင့်


ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ကားမှတ်တိုင်အနီး နိုဝင်ဘာ ၁ ရက်၊ ည ၁ နာရီတွင်
အကြမ်းဖက်ခဲ့သူ ရှစ်ဦးအား ပုဒ်မ ခုနစ်ဖြင့် အမှုဖွင့်ထားကြောင်း ကမာရွတ် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ "စွပ်စွဲခံရသူ ရှစ်ဦးကို ပထမ သတင်းပေးချက်အမှတ် ၄၇၃/ ၂၀၁၂ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀၊ ၃၃၈၊ ၃၂၅၊ ၂၉၄၊ ၃၅၄၊ ၅၀၆၊ ၁၁၄ တို့ တပ်ဆင်ထားပါ တယ်၊ စွပ်စွဲခံရသူတွေ ကတော့ရှောင် ပြေးနေတဲ့အတွက် ဆက်လက်စုံစမ်း ရှာဖွေဆဲပါ" ဟု ကမာရွတ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။


ဖြစ်စဉ်မှာ မသင်ဇာထွန်းသည် သူငယ်ချင်းနှစ်ယောက်နှင့်အတူ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီတွင် ဒူးဆစ်အင်းယားလိတ် ဝင်းအတွင်းရှိ GTR နိုက်ကလပ်သို့ သွားရောက်ခဲ့ကာ နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် GTR မှ ပြန်လာခဲ့ကြောင်း၊ တက္ကသိုလ် ရိပ်သာလမ်းအရောက် နောက်က လိုက်ပါလာသည့် ပြိုင်ကားမှာ ၄င်းတို့ကားရှေ့မှာ ပိတ်ရပ်များခဲ့ကြောင်း၊ ထိုစဉ် နောက်ထပ် ကားသုံးစီး ထပ်မံရောက်ရှိလာခဲ့ကြောင်း အန္တရာယ်ပြု မည်ကို စိုးရိမ်သဖြင့် ကားကိုရှောင်ထွက်မောင်းနှင်လာ ခဲ့ရာစံရိပ်ငြိမ် ၃ လမ်းထိပ်အရောက် တွင်ကားအရှေ့မှထပ်မံပိတ်ရပ်ကာ ကားလေးစီး၊ လူ ရှစ်ဦးဖြင့် လူနှင့် ကားကိုဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းထံမှ သိရသည်။ စွပ်စွဲခံရသူ ရှစ်ဦးတို့သည် ညစ်ညမ်းစွာ ပြောဆိုကာ အသင့်ယူ ဆောင်လာသော သံတုတ်၊ သစ် သားတုတ်များနှင့်ကားမှန်ကိုရိုက်ခွဲ ကြသဖြင့် မိမိနှင့်အတူပါလာသော သူငယ်ချင်းနှစ်ဦးတို့က တားမြစ် ပြောဆိုခဲ့ကြောင်း မိမိအား ဆံပင်ဆောင့်ဆွဲခြင်း၊ လက်သီးနှင့် ထိုးခြင်း၊ ပါးကိုရိုက်ခြင်း၊ ကျန်သူ များကို လက်သီးနှင့်ထိုး၊ လေးခွ နှင့်ပစ်၊ သံတုတ်၊ သစ်သားတုတ် များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြ ကြောင်း၊ အရိုက်ခံရသူ သုံးဦးတို့ မှာ ပွန်းပဲ့ခြင်း၊ ပေါက်ပြဲခြင်း၊ ဖူးရောင်ခြင်းနာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း တရားလို မသင်ဇာ ထွန်းက ကမာရွတ်မြို့နယ် ရဲစခန်း သို့ ထွက်ဆိုထားသည်။
ပြစ်မှုကျူးလွန်သူတို့က နောက်ဆိုရင် သေပြီသာမှတ်ဟု ပြောဆိုကာ အင်းစိန်လမ်းဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း ၄င်းတို့ ၏ အကြမ်းဖက်မှု များကြောင့် ကား ရှေ့လေကာမှန်၊ နောက်ဘက်မှန်၊ ညာဘက်ဘေး တံခါးမှန်၊ ရှေ့ နောက်မီးလုံးများ ကွဲသွားကြောင်း ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၃၀ ဖိုးခန့် ဆုံးရှုံးသွားခဲ့ကာ ကား သော့ကိုပါ ယူဆောင်သွားခဲ့ကြ ကြောင်း၊ ရှေ့နေများကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀ ကတော့ လူတစ်ဦးတစ်ယောက်ကို နာကျင်စေမှု၊ ကြောက်ရွံ့စိုးရိမ်မှုနဲ့ ထောင်ဒဏ် ငါးနှစ်အထိ ချလို့ရ တယ်၊ အာမခံပေးလို့ မရဘူး"ဟု သုံးသပ် ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။