
မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်အရ တည်ဆောက်လျက်ရှိ သည့် စီမံကိန်းများ၊ ထပ်မံတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ချေးငွေများရယူရာတွင် EXIM Bank နှင့် China Development Bank တို့မှ အဓိက ချေးယူခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စီမံကိန်း ၁၄ ခု အနက် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိပြီးဖြစ်ကြောင်း၊ စီမံကိန်း ၆ ခုမှာ ချေးငွေမရရှိသေးကြောင်း၊ ချေးငွေအတွက် ပြန်လည်ပြင်ဆင်တင်ပြထားသည့် စီမံကိန်းမှာတစ်ခုရှိကြောင်း သိရသည်။
ချေးငွေရရှိပြီးဖြစ်သည့် ရေအား လျှပ်စစ်စီမံကိန်းများမှာ ဘီလူးချောင်း(၃)၊ အထက်ရဲရွာ၊ အထက်ဆည်တော်ကြီး၊ သူဋ္ဌေး၊ အထက်ကျိုင်းတောင်း၊ သောက်ရေခပ်(၂) နှင့် အထက်ဘီလူချောင်းရေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်ပြီး အဆိုပါ စီမံကိန်း ၇ ခုအတွက် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၅၀၉ ကျော်ရရှိထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ချေးငွေမရရှိသေးသည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအတွက် ရယူရန်အဆိုပြုထားသည့် ချေးငွေပမာဏစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၂၀၀ ကျော်ရှိကြောင်းသိရသည်။
အဆိုပါ ချေးငွေရရှိပြီးဖြစ်သည့် ရေအားလျှပ်စစ်စီမံကိန်း ၇ ခု၏ စက်တပ်ဆင်အားမှာ မဂ္ဂါဝပ် ၇၀၀ ကျော်ရှိမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
မဂ္ဂါဝပ် ၁၂၀ ထွက်ရှိမည့် သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် ဘီလူးချောင်း (၃)ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်တိုင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နောက်ဆုံးထားအပြီးသတ်တည်ဆောက်လျက်ရှိသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အတွက် ချေးငွေမရရှိသေးသော စီမံကိန်း ၆ ခုနှင့် ပြင်ဆင်တင်ပြထားသည့် စီမံကိန်းတစ်ခု စုစုပေါင်း စီမံကိန်း ၇ ခုအား ပုဂ္ဂလိကမှ BOT စနစ်ဖြင့်လည်းကောင်း သို့မဟုတ် ၀န်ကြီးဌာနဖြင့်ပူးပေါင်းတည်ဆောက်သည့်စနစ်ဖြင့်လည်းကောင်း တည်ဆောက်ခွင့်ရထားကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၇ ခုနှင့်ကျောက် မီးသွေးသုံးလျှပ်စစ်စီမံကိန်း ၈ ခု စုစုပေါင်း စီမံကိန်း ၇၅ ခုအထိ တည်ဆောက်ရန် လျာထားထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင်လည်း ရေအားလျှပ်စစ်ဖြင့်သာ နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားကို အဓိကထုတ်လုပ် ဖြန့်ဖြူးပေးနေပြီး တစ်ယူနစ်လျှင် ၁၂၆ ကျပ်ကျသင့်ကာ ၀န်ကြီးဌာနမှ အရှုံးခံလုပ်ကိုင်နေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကိုဝယ်ယူကာ ပုဂ္ဂလိကလက်သို့ အဆင့်ဆင့်ရောင်းချထုတ်လုပ် ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံတွင်မူ တစ်ယူနစ်လျှင် ကျပ် ၈၀ ၀န်းကျင်သာကျသင့်ပြီး များစွာအမြတ်အစွန်းရလျှက်ရှိကြောင်း သိရသည်။
တရုတ်ချေးငွေ ဦးစားပေးအစီအစဉ်ဖြင့် တည်ဆောက်နေသည့် စီမံကိန်းနှင့် တည်ဆောက်ရန်အဆိုပြုထားသည့် ရေအားလျှပ်စစ်စီမံကိန်းများ(စက်တပ်ဆင်အား(မဂ္ဂါဝပ်)၊ ငွေပမာဏ အမေရိကန်ဒေါ်လာသန်း)
စီမံကိန်း | တပ်ဆင်အား | ချေးယူလိုသောငွေပမာဏ | မှတ်ချက် |
ဘီလူးချောင်း(၃) | ၄၈ | ၄၈ .၃၁ | ချေးငွေရရှိပြီးဖြစ် |
အထက်ရဲရွာ | ၂၈၀ | ၁၇၇ .၀၆ | ချေးငွေရရှိပြီးဖြစ်(၂၀၀၈-၂၀၀၉) |
အထက်ဆည်တော်ကြီး | ၆၀ | ၃၈ .၉၅ | ချေးငွေရရှိပြီးဖြစ်(၂၀၁၅ မှသာထုတ်ယူရန်တင်ပြထား) |
သူဋ္ဌေး | ၁၁၁ | ၁၁၉ .၇၀ | ချေးငွေရရှိပြီးဖြစ်(၂၀၀၈-၂၀၀၉) |
စိုင်းဒင် | ၇၆ | ၅၈ .၃၁ | ပြင်ဆင်တင်ပြထား |
ရွှေလီ(၃) | ၁၀၅၀ | ၆၇၃ .၉၀ | မရရှိသေး(၂၀၁၉-၂၀၂၀) |
မဏိပူ | ၃၈၀ | ၂၆၇ .၄၁ | မရရှိသေး(၂၀၁၇-၂၀၁၈) |
အထက်ဗူး | ၁၅၀ | ၇၉ .၇၅ | မရရှိသေး(၂၀၂၅) |
အမ်း | ၁၀ | ၂၉ .၂၀ | မရရှိသေး |
အထက်ကျိုင်းတောင်း | ၅၁ | ၃၄ .၇၂ | ချေးငွေရရှိပြီးဖြစ်(၂၀၁၈-၂၀၁၉) |
သောက်ရေခပ်(၂) | ၁၂၀ | ၇၂ .၈၆ | ချေးငွေရရှိပြီးဖြစ်(၂၀၁၃-၂၀၁၄) |
အထက်ဘီလူးချောင်း | ၃၀ .၄ | ၁၇ .၄၈ | EXIM ဘဏ်မှ ချေးငွေပေးအပ်ရန်အတည်ပြုပြီး |
တာပိန်(၂) | ၁၆၈ | ၈ .၆၈ | မရရှိသေး |
လေးမြို့ | ၅၀၀ | ၈၅ .၂၀ | မရရှိသေး |
စုစုပေါင်း | ၃၀၃၄ .၄ | ၁၇၁၁ .၅၅ | EXIM ဘဏ်နှင့် CDB ဘဏ်တို့မှ ချေးယူသည် |
မှတ်ချက်။ ။စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းအစား အထက်ဘီလူးချောင်းစီမံကိန်းအတွက် ချေးငွေပြင်ဆင်ချက်တင်ထားသည်။ |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။