Thursday, November 8, 2012

 တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့် အစီအစဉ်လတ်တလော မရှိသေး


တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့်အစီအစဉ် လောလောဆယ် မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအေးကြူက နိုဝင်ဘာလ ၅ ရက် နေ့တွင် အမျိုးသားလွှတ်တော်၌ ပြော ကြားခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူရရှိသည့် အခြေခံရမှတ်သတ်မှတ်ချက်မြှင့်တင်၍ အောင်မြင်သူအဖြစ်သတ်မှတ်ပါက ကျရှုံးသည့်ဘာသာကို အချိန်တိုအတွင်း ပြန်လည်ဖြေဆိုစေသည့် အခွင့်အရေးပေးပါက မေးခွန်းပြုစုခြင်း၊ ဖြန့်ဝေပေးပို့ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းများကို ကျောင်းဖွင့်ရက်ကာလတွင် ဆောင်ရွက်ရန်အခက်အခဲရှိနိုင်ကြောင်း၊ စာမေးပွဲအအောင်အရှုံးပေးသည့် လက်ရှိစနစ်ကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို ပြုပြင်၍ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် အခြေခံပညာအဆင့်၌ ပေးမှတ် ၁၀၀ တွင် အမှတ် ၄၀ ရရှိပါက အောင်မြင်သည်ဟု သတ်မှတ်ထားပြီး အဆင့်မြင့်ပညာအဆင့် ဘွဲ့ကြိုတန်းများတွင် အမှတ် ၅၀ အထက်၊ ဘွဲ့လွန်သင်တန်းများ၌ ရမှတ် ၆၀ အထက်ရရှိသူများကို စာမေးပွဲအောင်မြင်သူများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
''အောင်မှတ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အမြင်ကတော့ မေဂျာဘာသာကို ၅၀ မှတ် သတ်မှတ်ပြီးတော့ စိတ်ကြိုက်ကိုတော့ ၄၀မှတ် သတ်မှတ်သင့်ပါတယ်။ သင်ကြားရေးအပိုင်းမှာလည်း ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ကျူရှင်သင်ရင် ထွက်ဆိုလို့ တချို့က ထွက်သင်ကြတာရှိခဲ့ဖူးပါတယ်။ ရတဲ့လစာနဲ့ မလုံလောက်တော့ ကျူရှင်သင်ကြတာပဲ။ လုံလောက်တဲ့ လစာပေးထားရင်တော့ ကျူရှင်ကိုအာရုံမစိုက်တော့ဘဲ ကျောင်းမှာပဲအချိန်ပေးသင်ကြမှာပါပဲ။ ကျရှုံးတဲ့ဘာသာကိုလည်း တစ်ဘာသာဆိုရင်ပြန်ဖြေခွင့်ပေးတယ် စသည်ဖြင့် သတ်မှတ်ပေးသင့်ပါတယ်။ ခြေချော်လက်ချော်ဖြစ်တဲ့သူတွေကို အခွင့်အရေးပေးသင့်ပါတယ်'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ဆွေးနွေးပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီကလည်း ''စာ မေးပွဲကျရှုံးတာကို ပြန်ဖြေခိုင်းတယ်ဆိုရင် ကျလည်းပြန်ဖြေလို့ရတယ်ဆိုပြီး စာမကြိုးစားချင်ကြဘူး။ ပြန်ဖြေခိုင်းတယ်ဆိုရင် ဘယ်နှစ်ဘာသာကျရင် ပြန်ဖြေခိုင်းမယ်။ အမှတ်ဘယ်လောက်ရရင် ပြန်ဖြေခိုင်းမယ်ဆိုပြီး ပြန်သတ်မှတ်ရမယ်။ အောင်ချက် နည်းလို့ဆိုရင်လည်း ဟိုအရင်တုန်းကဆိုရင် အောင်ချက်က နှစ်ရာခိုင်နှုန်း၊  သုံးရာခိုင်နှုန်းလောက်ပဲရှိခဲ့တာပါ'' ဟု ဆွေးနွေးပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။