Thursday, November 8, 2012

ဘီလ်စနစ်သာ ဆက်သုံး၍ ခေါ်ဆိုခ လျော့ကျဖွယ်မရှိသေးသည့် VOIP ဖုန်းလိုင်းများ


FTTx စနစ်တွင် ပါဝင်သော VOIP ဖုန်းလိုင်းများအတွက် ငွေပေးသွင်းရာ၌ ကြိုတင်ငွေပေးကဒ်စနစ် အဖြစ်သို့ ပြောင်းဦးမည် မဟုတ်ဘဲ၊ ဘီလ်စနစ်ဖြင့်သာ ပေးချေရဦးမည်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက သိရသည်။


အဆိုပါ VOIP (Voice Over Internet Protocol)  ဖုန်းလိုင်းမှာ ပြည်တွင်း ပြည်ပ ခေါ်ဆိုနိုင်ခြင်း၊ Video Call၊ Fax Service၊ Caller ID စသည့် ဝန်ဆောင်မှုများ ရရှိမည် ဖြစ်သည်။


  “လောလောဆယ် ကြိုတင် ငွေပေးကဒ်စနစ်ပြောင်းဖို့ အစီအစဉ် မရှိသေးပါဘူး။ ဘီလ်စနစ်နဲ့ပဲ သွားမှာပါ။ လစဉ်ကြေးနဲ့ ဖုန်းဘီလ်အတွက် ကျသင့်ငွေတွေကို ပုံမှန်အတိုင်းပဲ ကောက်ခံနေတာ ဖြစ်ပါတယ် ဟု  Elite Tech IT  Services ကုမ္ပဏီ FTTx ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


 နိုင်ငံတကာခေါ်ဆိုမှု (I.D.D) စနစ် ဖွင့်လိုသူများ အနေဖြင့် သီးခြား လျှောက်လွှာ တင်ရမည်ဖြစ်ပြီး ခေါ်ဆိုမှု အတွက် ကျသင့်သော အခွန်အခများအား FEC  ဖြင့်သာ ပေးချေရမည် ဖြစ်သည်။


 “VOIP မှာ ကျွန်တော်တို့ပေးတဲ့ Devices က ဖုန်းလိုင်းနှစ်လိုင်း သုံးလို့ရတယ်။ ဒါပေမဲ့ လောလောဆယ် ခွင့်ပြုထားတာက တစ်လိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ ဖုန်းလိုင်း ယူထားတဲ့ သူတွေနဲ့ Extension ခွဲတာက ဘယ်နှစ်လိုင်းခွဲခွဲ ပြဿနာမရှိပါဘူး ဟု ၎င်းက ဆက်ပြောသည်။


 VOIP ဖုန်းခေါ်ဆိုခများအား တစ်မိနစ်လျှင် (၅၀) ကျပ်ထက် ဈေးနှုန်းလျှော့ချ သတ်မှတ်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း သိရသည်။


နောက်ပိုင်း ဝန်ဆောင်မှုတွေ အပြန်အလှန် ဖြစ်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ဈေးတွေကတော့ ဝန်ဆောင်မှု အပေါ် လိုက်ပြီး လျှော့ချလာကြမယ်လို့ မျှော်လင့်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ကြိုးစားနေပါတယ် ဟု ၎င်းက ဆိုသည်။


FTTx စနစ်မှာ အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်းများ ပါဝင်သောTripe play ဝန်ဆောင်မှုဖြစ်ပြီး ဖုန်းလိုင်းတစ်လိုင်း ထပ်တိုးမည်ဆိုပါက တပ်ဆင်ကြေး၊ နှစ်စဉ်ကြေး အပါအဝင် စုစုပေါင်း တစ်သိန်းတစ် သောင်းကျပ် ကျသင့်မည်ဖြစ်သည်။


လက်ရှိ Elite Tech IT Services ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့အတွင်း (၁၆) မြို့နယ်တွင် ဝန်ဆောင် မှုပေးလျက်ရှိပြီး လတ်တလော အင်တာနက်နှင့် ဖုန်းလိုင်းနှစ်မျိုးသာ ပါဝင်သေးသည်။ ထပ်မံတိုးချဲ့မည့် IPTV ရုပ်သံလိုင်းများတွင် အခမဲ့ရုပ်သံလိုင်း နှစ်လိုင်းနှင့် အခပေး ရုပ်သံ လိုင်း (၁၈) လိုင်းပါဝင်မည် ဖြစ်ကြောင်း ကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။