Thursday, September 6, 2012

မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်ရန် စီစဉ်နေ


ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ပြန်လည် ထုတ်ချေးနိုင်ရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများမှချေးငွေ ရယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး အုန်းမြင့်က နေပြည်တော်   တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

''အရင်းအနှီးနဲ့ပတ်သက်လို့ နိုင်ငံခြားတိုင်းပြည်တွေကတဆင့် ချေးငွေတွေကို အစိုးရ အချင်းချင်းချေးယူပြီး ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်တွေ ကို ချေးဌားသွားမှာ ဖြစ်ပါတယ်။ ဒီလိုချေးရာမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အ တွက်လျင်မြန်စွာ တိုးတက်အောင်မြင်နိုင်တဲ့   မွေးမြူရေးအခြေခံကုန်ထုတ်ကုန်သွယ် ဝန်ဆောင်မှု လုပ်ငန်းတွေကို ဦးစားပေးသွား မှာပါ''ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။   

 စက်တင်ဘာ (၃)ရက်နေ့ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင်  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မဝင်ရောက်မီ   မြန်မာနိုင်ငံလုပ်ငန်းရှင်များအတွက် ဥပဒေများ ပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးရန်၊ နိုင်ငံသားများအတွက် လုပ်ကိုင်နိုင်ခွင့် ပေးရန်၊ နိုင်ငံသားများ လိုအပ်နေသော ငွေကြေးရင်းနှီးမြုပ်နှံမှုများ အတွက် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် စသည့်အချက်များကို မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က တောင်း ဆိုခဲ့သည်။

''နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမဝင်လာခင် ကိုယ့်နိုင်ငံသားတွေကိုလုပ်နိုင်အောင် နိုင်ငံပိုင် အဆောက်အဦးတွေကို ဝယ်၊ဌား၊ အစိုးရနဲ့ဖက်စပ်လုပ်ငန်းတွေ လုပ်နိုင်အောင်လို့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေက စေတနာပါပါနဲ့ လုပ်ခွင့်ပေးလိုက်တာရယ်၊ အများပိုင် ကုမ္ပဏီအစုအဖွဲတွေ ဖွဲခွင့်ပေးတာရယ်၊ အတိုးနှုန်းသက်သာတဲ့ ပြည်ပနိုင်ငံတွေက ချေးဌားပေးမယ်ဆိုတာတွေက ကောင်းပါတယ် ''ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်က ပြောသည်။    

မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ် အသွင်ကူး ပြောင်းသွားမည်ဖြစ်ပြီး လက်ရှိငွေချေးပေးသည့်စနစ်မှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်အတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းများကို ဦးစားပေးငွေထုတ်ချေးမူစီမံ့ကိန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

''အခုလက်ရှိမှာ အတိုးနှုန်းက မြင့်နေတဲ့အတွက် ပြည်ပနိုင်ငံတွေလို အတိုးနှုန်းသက် သာတဲ့ ချေးငွေတွေ နှစ်ရှည်ပေးဖို့ရယ်  ၊ရင်းနှီးမြုပ်နှံမှုတွေ မဝင်လာခင် နိုင်ငံသားတွေ အတွက် လိုအပ်တဲ့အရင်းအနှီးရဖို့ကို အခက်အခဲတွေကို မေးတဲ့အခါမှာ တင်ပြခဲ့ပါတယ်'' ဟု ရေထွက်ပစ္စည်းနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒေါ်တိုးနန္ဒာတင်က ပြောသည်။ 

လက်ရှိတွင် မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၏ အတိုးနှုန်းမှာ (၁၄ ရာခိုင် နှုန်း)ဖြစ်ပြီး ပြည်ပနိုင်ငံများမှ အတိုးနှုန်းနည်းသော ချေးငွေရရှိခဲ့ပါက ဘဏ်တိုးနှုန်း မှာ (နှစ်ရာခိုင်နှူုန်း)ဖြင့် ရရှိလာနိုင်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။