Thursday, September 6, 2012

ဈေးပြိုင်စနစ်ကို နိုင်ငံတကာအဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား


ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်းအထိ ဖြစ်အောင်လေ့လာနေပြီး လုပ်လည်းလုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၏ နိုင်ငံတော်အဆင့်စီမံကိန်းများနှင့် အစိုးရပရောဂျက်များ၊ ဒေသန္တရစီမံကိန်းနှင့် ပရောဂျက်များတွင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို လုပ်ငန်းအပ်နှံဆောင်ရွက်ရာ၌ ကုမ္ပဏီအစုအဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသာ အများပြည်သူ မသိရှိလိုက်ရဘဲ လုပ်ငန်းအပ်နှံမှုမရှိစေရေးနှင့် ပွင့်လင်းထင်သာမှုရှိစွာဖြင့် မျှတစွာ ယှဉ်ပြိုင် လျှောက်ထားခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းမေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ဈေးပြိုင်စနစ် (Open Tender) ဆိုတာက အချက်အများကြီးပေါ်မှာမှ အခြေခံအချက်လေးခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊ တူညီသော အခွင့်အလမ်း၊ လူတိုင်းပါဝင်နိုင်မှု၊ အလုံးစုံ ထင်သာမြင်သာရှိစေ မှုတွေကို အခြေခံပြီးမှ လုပ်ရတဲ့ လူအများစုသိတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအဆင့်အတန်းထိဖြစ်အောင် လို့ လေ့လာနေဆဲပါပဲ။ လုပ်လည်း လုပ်နေပါတယ်။ အချိန်အများကြီး လိုပါတယ်'' ဟု ဦးဆက်အောင်က ပြောကြားခဲ့သည်။
အချို့ဝန်ကြီးဌာနများသည် ယခင်ကတည်းက ယုံကြည်မှု တည်ဆောက်ပြီးသော၊ အရည်အသွေးရှိ ပြီးသော၊ လုပ်ရည်ကိုင်ရည်များကို စိတ်ချရပြီးသော ကုမ္ပဏီအချို့ကို ရွေးချယ်လိုသော ဆန္ဒရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ငြင်း၍လည်း မရပါကြောင်း၊ ထိုကဲ့သို့ လုပ်ခြင်းများတွင် နိုင်ငံတော်နှင့် လူမျိုးအတွက် ရေရှည်အကျိုးရှိစေမည်ဆိုပါက ကောင်းသော်လည်း အဓိကအနေဖြင့် အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ဈေးပြိုင်စနစ် (Open Tender)  ၏ အခြေခံအချက် လေးချက်နှင့် ကိုက်ညီမှုမရှိပါက ခေတ်ပြောင်းစနစ်ပြောင်းတွင် လက်ခံထိုက်သော အခြေအနေဖြစ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
''ဈေးပြိုင်စနစ် (Open Tender) မှာ စဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ဈေးနှုန်းတစ်ခု တည်းကိုကြည့်လို့ မရပါဘူး။ အရည်အသွေးဆိုင်ရာ အချက်တွေ၊ အတွေ့အကြုံပိုင်းဆိုင်ရာတွေ၊ ငွေကြေးခိုင်လုံမှုအချက်တွေ၊ လုပ်ငန်းကိုင်ငန်း လုပ်တဲ့အခါမှာ ဘယ်လောက်အထိ လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုတဲ့ အချက်တွေကလည်း အရေးကြီးပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ အဲဒီလို ကုမ္ပဏီကြီးတွေကို လက်သိပ်ထိုး ပြီးပေးတာထက် ထင်သာမြင်သာရှိတဲ့ အစီအစဉ်တွေနဲ့ ပြုလုပ်သွားသလို ဒီကုမ္ပဏီကြီးတွေကပဲ လုပ်ရည်ကိုင်ရည် ပြနိုင်တဲ့ပုံစံမျိုးမဖြစ်အောင် အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ အားလုံးကိုလည်း အစီအမံများ ပြုလုပ်လျက်ရှိပါတယ်'' ဟု ဒုတိယ၀န်ကြီးက မေးခွန်းဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။