Thursday, September 6, 2012

သမ္မတနှင့်တွေ့ဆုံရန် တိုင်းရင်းသားရေးရာဝန်ကြီးများ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်


တိုင်းရင်းသားရေးရာဝန်ကြီး(၁၈)ပါးအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ(၇)ရက်နေ့တွင်    နိုင်ငံတော်သမ္မ တကြီးနှင့် တွေ့ဆုံရန်အတွက် အင်းယာလိတ်ဟိုတယ်၌ ယနေ့ စက်တင်ဘာလ (၅)ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးများအတွက် လာမည့် ၂ဝ၁၃ ခုနှစ်တွင် ဘတ်ဂျက်ထည့်ဆွဲပေးရန် တင်ပြသွားမည်ဟု ယနေ့တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၂)အရ တိုင်းရင်းများ၏ လူမှုရေး စီးပွားရေး ကျန်းမာရေးအတွက် လိုအပ်သည်များကို ထေက်ပံ့ပေးရန် ဌာနနဲ့တူတဲ့ ဖွဲ့စည်းပုံတွေ ပေးရရန် လိုအပ်တယ်။ဟု  ဦးဇော်အေး မောင် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးများသည် မိမိကိုယ်စားပြုသော ပြည်နယ်တိုင်းဒေသအသီးသီး၏ လုပ်ပိုင်ခွင့် ပိုမိုရရှိလာပါက မိမိတို့မျှော်လင့်ထားသော ထာဝရငြိမ်းချမ်းရေး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိမည်ကို ယုံကြည်ကြောင်း တွေ့ဆုံပွဲဖြစ်မြောက် ရေးဖောင်ဒေးရှင်းဖြစ်သည့် BREAVEHEART  FOUNDATION မှ ဒါရိုက်တာ ဦးရတနာက ယခုကဲ့သို့ ရှင်းပြသည်။

“ ကျေးလက်နေပြည်သူတွေ တောင်ပေါ်ဒေသတွေမှာ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုတာ သူတို့စိတ်ထဲမှာ မယုံကြသေးဘူး။ သံသယတွေ ရှိနေသေးတယ်။ အဲဒါလေး တွေကို ဖြစ်မြောာက်ပေးစေချင်တဲ့ စိတ်နဲ့ စီစဉ်ဖြစ်တာပါ။ဟု ၄င်းက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် သမ္မတကြီးနှင့်တွေ့ဆုံချိန်တွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။