Thursday, September 6, 2012

မကွေး-ရေနံချောင်း လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာ၉ ရွာမှ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သည့် သီးနှံပင်များ၊ယာမြေများနှင့် ပတ်သက်၍ ဒေသခံများ အခက်အခဲ ကြုံတွေ့နေရ



မကွေးမြို့နယ် ကံသာကြီးကျေးရွာအနီး ယာမြေနှင့် သီးနှံစိုက်ခင်းများပေါ်တွင် မကွေး-ရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းလုပ်ငန်းခွင်ကို စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များအတွင်း စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် မကွေး-ရေနံချောင်း လက်မ ၂၀ပိုက်လိုင်း စီမံကိန်းဖြတ်သန်းသွားသော ကျေးရွာ ၉ရွာမှ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် သီးနှံပင်များ၊ ယာမြေများနှင့်ပတ်သက်၍ ဒေသခံတောင်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါကျေးရွာများမှ ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ မကွေး-ရေနံချောင်း လက်မ၂၀ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီး ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံများ၏ သီးနှံပင်များနှင့် ယာမြေများနှင့် ပတ်သက်၍လည်း ညှိနှိုင်း ဆောင်ရွက်ပေးမှုများ မရှိခဲ့ကြောင်း၊ ဒေသခံများပြောပြချက်အရ သိရှိရသည်။
မကွေးမြို့နယ် ကံသာကြီးကျေးရွာအနီး ယာမြေနှင့် သီးနှံစိုက်ခင်းများပေါ်တွင် မကွေး-ရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းလုပ်ငန်းခွင်ကို စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
အဆိုပါ စီမံကိန်းက ပျက်စီးဆုံးရှုံးခဲ့သော ကန်သာကြီးကျေးရွာနေ အသက်(၅၀)အရွယ်ရှိ တောင်သူတစ်ဦးက '' ဒီစီမံကိန်းကို စပြီးလုပ်တဲ့ မေလကတည်းက သီးနှံပျက်စီးဆုံးရှုံးမဲ့ တောင်သူတွေနဲ့ ယာမြေဆုံးရှုံးမဲ့တောင်သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘာစီမံကိန်းလဲ၊ ဆုံးရှုံးမှု ဘယ်လောက်ရှိမလဲ တောင်သူတွေကို ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အခုထိ ခေါ်ယူဆွေးနွေးမှု တကြိမ်မှ မလုပ်ခဲ့ပါဘူး။ ဦးလေးတို့ကလည်း ဘာမှမပြောရဲတော့ ဒီလိုဘဲ ကြည့်နေခဲ့ရတာပါ။ မိုးဦးပိုင်း ပဲနှမ်းစိုက်ပြီးသားအခင်းတွေကို ဂေါ်ထိုးကားကြီးတွေနဲ့ မြေတွေတူးပြီး သီးနှံစိုက်ခင်းတွေပေါ်မှာ စက်ကြီးတွေဖြတ်မောင်းတာတွေ ဂဟေဆော်စက်တွေ ချထားတာတွေ လုပ်ခဲ့တော့ သီးနှံတွေ ပျက်စီးကုန်ပါတယ်။ အခုနောက်သီးစိုက်ပျိုးချိန်မှာလည်း ယာမြေတွေပေါ်မှာ သဲစာပုံတွေရှိနေလို့ စိုက်ဖို့ပျိုးဖို့ မဖြစ်တော့ပါဘူး။ ဒီလိုလုပ်နေတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဌာနက တောင်သူတွေဘက်ကို ဖြစ်ချင်သလိုဖြစ်ဆိုပြီးတော့ လှည့်မကြည့်ဘဲ သူတို့စီမံကိန်း အကောင်အထည်ဖော်ဘို့တစ်ခုဘဲ ဦးတည်ပြီး တဇွတ်ထိုး လုပ်နေတယ်လို့ ယူဆပါတယ်။ ဦးလေးတို့ရွာ တစ်ရွာတည်းက တောင်သူ(၁၇)ဦးရဲ့  ယာမြေဧက (၈၀)နီးပါးလောက်ပေါ်မှာ တူးဖော်ဆောင်ရွက်သွားတာပါ''ဟု ပြောကြားခဲ့သည်။
အလားတူ ညောင်ပင်ရွာကျေးရွာမှလည်း တောင်သူ(၈)ဦး၏ ယာမြေဧက(၃၀)နီးပါးခန့်ပေါ်တွင် တူးဖော်လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ အသက်(၄၀)အရွယ်ရှိ တောင်သူတစ်ဦးက ''ကျွန်တော်တို့ မိသားစုက ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ယာမြေ ၄ ဧကပေါ်မှာ လပေါင်းများစွာ ပြုစုစိုက်ပျိုးခဲ့တဲ့ ခရမ်းချဉ်ပင်စိုက်ခင်း အောင်မြင်လို့ ခူးပြီးရောင်းချရမဲ့အချိန်မှာဘဲ ဒီစီမံကိန်းကြောင့် အားလုံး ပျက်စီးခဲ့ရပါတယ်။အရင်နှစ်ကတော့ ရာသီဥတုမမျတလို့ နှမ်းထွက်နှုန်းလျော့ပြီး ဈေးကျခဲ့တာပါ။ အခုနှစ် နှမ်းဈေးကောင်းတဲ့အခါကျတော့ ဒီပိုက်လိုင်း စီမံကိန်းကြောင့် အထွက်နှုန်းတွေ လျော့ကျခဲ့တယ်။ဒါ့အပြင် ကျွန်တော့်မိသားစုထဲက တက္ကသိုလ်တက်မဲ့ ကျောင်းသားအတွက်ရှိတဲ့ပစ္စည်းကို ပေါင်နှံပြီး ကျောင်းထားရမဲ့ အခြေအနေ ရောက်နေပါတယ်''ဟု ပြောကြားခဲ့သည်။
မကွေး-ရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းစီမံကိန်းကြောင့် ကျေးရွာ ၉ ရွာမှ သီးနှံပင်များ ယာမြေများ ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် တောင်သူများက အဆိုပါ စီမံကိန်းကို အမြန်ဆုံး ပြီးစီးစေရန်နှင့် ပျက်စီးဆုံးရှုံးမှုအပေါ်ကို ဌာနဆိုင်ရာမှ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်လည်း မျှော်လင့်နေကြကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေသခံများ၏ ကြုံတွေ့နေရသော အခက်အခဲများကို ပြေလည်မှုရရှိစေရန် ယခုလအတွင်း လျော်ကြေးပေးအပ်မှုကော်မတီကို ဖွဲ့စည်းပြီး စစ်ဆေးကာ နိုင်ငံတော်မှ သတ်မှတ်ထားသော လျော်ကြေးငွေများအတိုင်း ပြန်လည်ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ခံက ပြောကြားခဲ့သည်။
မကွေးရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းစီမံကိန်းမှ တာဝန်ရှိသူဆရာဦးက ''အခုလထဲမှာဘဲ ဒီစီမံကိန်းကြောင့် ပိုက်လိုင်းဖြတ်သန်းသွားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပျက်စီးဆုံးရှုံးသွားတဲ့ ပမာဏတွေကို ကောက်ဖို့အတွက် ကော်မတီတွေဖွဲ့စည်းပြီးတော့ အမြန်ဆုံးဆောင်ရွက်ခိုင်းသွားမှာပါ။ ဒီစီမံကိန်းက နိုင်ငံတော်စီမံကိန်းဖြစ်တာကြောင့် တင်ပြလာတဲ့ ဆုံးရှုံးမှုပမာဏတွေကို နိုင်ငံတော်ကို ထပ်ဆင့်တင်ပြသွားပြီးတော့ ခွင့်ပြုချက်ရတာနဲ့ သတ်မှတ်ပေးတဲ့ လျော်ကြေးငွေအတိုင်းပေးသွားဘို့ စီစဉ်ထားပါတယ်။ အခု ဆုံးရှုံးတဲ့ ပမာဏကို တိုင်းတာမှုတွေ  မလုပ်သေးတာလဲ စီမံကိန်းမပြီးသေးတော့ အပိုအလိုတွေ ရှိနေမှာစိုးလို့ပါ''ဟု ပြောကြားခဲ့သည်။
စီမံကိန်းကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော တောင်သူများအတွက် လျော်ကြေးပေးမှုကော်မတီ အဖွဲ့အစည်းတွင် မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် စွမ်းအင်ဌာနတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယခုပိုက်လိုင်းအတွက် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တောင်သူများအား လျော်ကြေးငွေပေးအပ်ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသော်လည်း ယခင်သုံးနှစ်ကျော်က ပြီးစီးသွားသည့်  ညောင်တိုမှ ကျောက်ဆည်သို့ သွယ်တန်းသော ပိုက်လိုင်းနှင့် ညောင်ပင်ရွာကျေးရွာအနီးမှ တောင်ကြီးမြို့သို့ သွယ်တန်းသော စီမံကိန်းပိုက်လိုင်းများအတွက် နစ်နာခဲ့သည့် မကွေးမြို့နယ်အတွင်းမှ တောင်သူများမှာ ယခုအချိန်ထိ လျော်ကြေးငွေ ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း အဆိုပါတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
မကွေး-ရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှု ကြုံတွေ့နေရသော မကွေးမြို့နယ် ကံသာကြီးကျေးရွာမှ တောင်သူအယောက် ၂၀ ခန့်မှာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ပိုက်လိုင်းလုပ်ငန်းခွင်အနီးတွင် ဆန္ဒဖော်ထုတ်ရန် လူစုနေစဉ် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အေးချမ်းစွာ ထိန်းသိမ်းခဲ့ပြီး လူစုခွဲခဲ့ကြောင်း သိရသည်။
ယခုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  မကွေးရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းစီမံကိန်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ မြန်မာပြည်အတွင်း အသုံးပြုခွင့်ရမည့် သဘာဝဓာါတ်ငွေ့များကို ရေနံချောင်းမြို့နယ် ယင်းမချောင်းကျေးရွာအနီးရှိ ဓာတ်ငွေ့ထိန်းချုပ်မှုဌာနမှ ခွဲယူရန် သွယ်တန်းနေခြင်းဖြစ်ကြောင်း၊ အဆိုပါပိုက်လိုင်းမှာ ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာအနီးမှ ၀ါးရုံချောင်း၊ ဂွေးကုန်း၊ အင်တိုင်းကြီး၊ ဒေါင်းနေ၊ သဲကြီးကုန်း၊ ကံသာလေး၊ ကံသာကြီး၊ ညောင်ပင်ရွာစသည့် ကျေးရွာများအနီးမှ ဖြတ်သန်းသွားပြီး  (၁၈)မိုင်အရှည်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။