Thursday, September 6, 2012

ဒညင်းကုန်း အုတ်စက်ရုံလုပ်သားတို့ နေစရာတောင်း

ရန်ကုန် (မဇ္ဈိမ) ။        ။ အမှတ် ၂ စက်မှုဝန်ကြီးဌာနပိုင် အင်းစိန် ဒညင်းကုန်း အုတ်စက်ရုံကို မားသားထရိတ်ဒင်း ကုမ္ပဏီသို့ ရောင်းချလိုက်ရာ စက်ရုံအတွင်းနေထိုင်သည့် အုတ်လုပ်သား အိမ်ထောင်စု ၃၀ ကို ကုမ္ပဏီက ဆက်လက်
နေထိုင်ခွင့် မပြုတော့ခြင်းကြောင့် နေစရာ ပြန်လည်ဖန်တီးပေးရန် တောင်းဆိုနေကြသည်။



"ကျွန်မတို့ ကျောတစ်နေရာစာက အဓိက ကျပါတယ်။ သက်ဆိုင်ရာဝယ်လိုက်တဲ့ ကုမ္ပဏီကိုလည်း မေတ္တာရပ်ခံချင် ပါတယ် ရောင်းလိုက်တဲ့ အဖွဲ့အစည်းကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ကို အကူအညီပေးပါ။" ဟု စက်ရုံ အတွင်းနေထိုင်သူ အလုပ်သမ ဒေါ်ခင်မာဝင်းက ပြောသည်။

စက်ရုံအလုပ်သမားများမှာ လုပ်ငန်းပိုင်ရှင်လွှဲပြောင်းကြောင်း၊ နေထိုင်ရာ နေရာများရွှေ့ပြောင်းပေးရမည်ကို ကြိုတင် မသိရှိခဲ့ရဘဲ လက်ရှိလုပ်ကိုင်နေသော အလုပ်များကို ခေတ္တနားမည်ဟု အုတ်စက်ရုံ အရာရှိ ပြောကြားချက်ဖြင့် အလုပ်နားနေရသည်မှာ မေလထဲကဖြစ်ပြီး သြဂုတ်လ ၃ဝ ရက်နေ့မှ မိမိတို့နေထိုင်ရာ နေအိမ်များကို သြဂုတ်လ ၃၁ နေ့တွင် ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း သိခဲ့ရခြင်းဖြစ်သည်ဟု အလုပ်သမားများ၏ အရေးကို ကူညီ
ဆောင်ရွက်နေသူ ၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်သူ ဒေါ်မာမာဦး ကပြောသည်။

“ရောင်းတဲ့ အဖွဲ့အစည်းဘက်မှာလဲ တာဝန်ရှိသလို ဝယ်တဲ့ဘက်ကလည်း တာဝန်ရှိတာကြောင့် အခုနေအိမ်တွေကို ဖယ်ခိုင်းတဲ့ မားသားထရိတ်ဒင်း ကုမ္ပဏီကိုတွေ့ပြီး လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေရဲ့ ဘဝအခြေအနေကို
ပြောပြမယ် ကျွန်မတို့ကြားရသလောက်ကတော့ နိုဝင်ဘာလ ၄ ရက်နေ့ကို အပြီးထွက်သွားခိုင်းပါတယ်။ တစ်ခုခုကို အဆင်ပြေအောင်လုပ်ပေးဖို့ရာအတွက် ကြားကနေပြီး မေတ္တာရပ်ခံပေးမယ်” ဟုလည်း ဒေါ်မာမာဦးက ပြောသည်။

အဆိုပါ အုတ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ၁၂၀ ခန့်ရှိသည်ဟုလည်း သိရသည်။

၁၉၉၈ ခုနှစ်ကတည်း ယင်းအုတ်စက်ရုံတွင် လာရောက် အလုပ်လိုက်ကိုင်နေသူ ပဲခူးတိုင်း ဇီးကုန်းမြို့မှ ကိုဇော်ဦး ကလည်း “ကျွန်တော်တို့ကို အလုပ်ဆက်မလုပ်ခိုင်းတော့ရင်လည်း ဒီမြေနေရာလေးမှာပဲ နေချင်တယ်။ သူတို့က မဖြစ်မနေ ပြောင်းပေးပါဆိုရင်လည်း အဆင်ပြေမယ့်နေရာမျိုးမှာ ပြန်ပြီးထားပေးစေချင်တယ်။ တစ်ခြားတစ်နေရာ
ပြောင်းဖို့ဆိုတာလဲ ကျွန်တော်တို့ အနေအထားနဲ့ လုံးဝမဖြစ်နိုင်လို့ပါ”ဟု ပြောသည်။

၁၉၇၅ ခုနှစ်တည်းက စက်မှုဝန်ကြီးဌာနကို အမှတ် ၁၊ အမှတ် ၂ အဖြစ် ဌာနနှစ်ခုခွဲထားသည့် မြန်မာအစိုးရ အဆက်ဆက်သည် ၂ဝ၁ဝ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာသည်အထိ ဌာနနှစ်ခု အထိ ရှိခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလအတွင်း စက်မှုဝန်ကြီးဌာနတခုတည်းထားရှိပြီး ဝန်ကြီးဌာန ဦးအေးမြင့်မှ တာဝန်ယူရန် သမ္မတက
ပြည်ထောင်စုလွှတ်တော်တို့ သဝဏ်လွှာပေးပို့ထားသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဦးကျော်စွာခိုင်ကို အမှတ် ၁ စက်မှုဝန်ကြီး ဦးစိုးသိန်းကို အမှတ် ၂ စက်မှုဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက် ယခုနှစ် ဧပြီလတွင် ဦးကျော်စွာခိုင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ အနားပေးပြီးနောက် ဦးစိုးသိန်းမှ ဆက်လက်တာဝန်ယူခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။