Wednesday, August 29, 2012

အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။

BJP ပါတီဥက္ကဋ္ဌနှင့်အတူ မဏိပူရပြည်နယ်သို့ မဲဆွယ်ခရီးထွက်လာသည့် ဥပဒေပြုအမတ် ဘီဂျိုယာ ချာကရာဗိုတီ Bijoya Chakravorty က လာမည့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အာဏာရရှိမည်ဆိုပါက ကဘော် ချိုမ့်ဝှမ်းဒေသအား မြန်မာအစိုးရထံမှ ပြန်လည် ရယူပေးမည်ဟု ကတိပေး ပြောဆိုလိုက်ကြောင်း Seven Sisters Post သတင်းစာတွင် ဖော်ပြပါရှိလာ၍ တုန့်ပြန်ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“သူတို့တွေက အဲဒီနေရာကို တအားလိုချင်တယ်လေ။ ကျမတို့ဒေသ သူတို့ကို ပေးလို့ ဘယ်ရမလဲ။ နေရူးက ဦးနုကို လက်ဆောင်ပေးတယ်လို့ ပြောလို့ ဘယ်ရမလဲ။ ဒါမျိုးဆိုရင်တော့ တနိုင်ငံနဲ့ တနိုင်ငံ ဖြေရှင်းရမှာပေါ့။ ပြည်သူလူထုရဲ့ ဆန္ဒက ဘယ်လိုလုပ်ပြီးတော့ အိန္ဒိယနိုင်ငံဘက်ကို သွားပြီးပေါင်းနိုင်မလဲ။၊ နိုင်ငံတခုရဲ့ အစိတ်အပိုင်းကို ယူမယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့မဲဆွယ်တဲ့ ကိစ္စလို့ပဲ ကျမမြင်တယ်” ဟု ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ မငိုင်ငိုင်း က ပြောသည်။

မြေသြဇာ ကောင်းလှသည့် ကဘော်ချိုင့်ဝှမ်းဒေသမှာ စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ခန်းပက်၊ ဘုတ်ကန်မြို့နယ်များ
နှင့် ယူးမြစ်ဖျားမှ ချင်းတွင်းမြစ်ထိ ကျယ်ဝန်းပြီး ကူကီး၊ လူရှိုင်း၊ ဇိုမီးနှင့် ဗမာလူမျိုးများ နေထိုင်လျက်ရှိကြသည်။

BJP အမတ်အဆိုအရ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏ အစိတ်အပိုင်းတခုဖြစ်သည့် ထိုဒေသကို အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးက မြန်မာသို့ “နှစ်သိမ့်” သဘော ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုပြောဆိုချက်မှာ BJP ပါတီအနေဖြင့် မဏိပူရပြည်နယ်အတွင်း မဲရရှိရန် ပြောဆိုချက်သာ ဖြစ်ကာ ချင်းတိုးတက်ရေး ပါတီ (CPP) အနေဖြင့် လက်မခံနိုင်ကြောင်း ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ထိုဒေသမှ ချင်းအမျိုးသား ကိုယ်စားလှယ်အမတ် လည်း ဖြစ်သည့် ဦးနိုထန်ကပ် က ပြောသည်။

“သူတို့က သူ့လူတွေ မဲရဖို့အရေးေ ပြာတယ်လို့ပဲ ထင်ပါတယ်။ သူတို့မဲရဖို့အတွက် ဒါကို အသုံးချပြီး ပြောချင်သလို
လျှောက်ပြောတော့တာ။ ပြောကြစတမ်းဆိုရင် အိန္ဒိယ နိုင်ငံထဲမှာလည်း ကျနော်တို့ ချင်းလူမျိုးတွေ၊ ကျနော်တို့ရဲ့ ညီအကိုတွေ သူတို့ရှိတဲ့ နယ်မြေအားလုံးဟာ ကျနော်တို့ရဲ့ နယ်မြေလို့ ပြောလို့ ရတာပေါ့ဗျာ။ သူတို့ပြောကြတဲ့ ပုံစံအတိုင်း ဆိုရင်ပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ရှိ ကသဲလူမျိုးများက လိုလားနေသည်ကို အခွင့်ကောင်းယူကာ မက်လုံးပေး စည်းရုံးခြင်းဖြစ်သည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။

၂ဝ၁၂ ခုနှစ် ရွေးကောက်ပွဲတွင် BJP သည် လက်ရှိအာဏာရ ကွန်ဂရက်ပါတီအား မဏိပူရပြည်နယ်တွင့် ရှုံးနိမ့်ခဲ့ရသော် လည်း လက်တလော ကွန်ဂရက်ပါတီ၏ ပြည်တွင်းရေး အကြပ်အတည်းများအပေါ် အခွင့်ကောင်းယူကာ မဲရလိုမှု အတွက် ထိုသို့ပြောဆိုစည်းရုံးနေခြင်းလည်း ဖြစ်သည်။

“အိန္ဒိယက BJP ပါတီလို အတိုက်အခံ ပါတီကြီးတခုက ပြောလာပြီဆိုရင်တော့ ကျနော်တို့ အလေးထား စဉ်းစားရပါ မယ်။ မြန်မာ့ အတိုက်အခံရော၊ အစိုးရကပါ အလေးအနက်ထားစေချင်ပါတယ်” ဟု ဇိုမီးသွေးစည်းညီညွှတ်ရေး တပ်ဦး (ZRO) မှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းထန် က ဆိုသည်။

အိန္ဒိယ အစိုးရအား လက်နက်ကိုင် ပုန်ကန်နေသည့် မဏိပူရပြည်နယ်မှ သူပုန်များလည်း ကဘော်ချိုင့်ဝှမ်းဒေသအတွင်း အများအပြား ခိုလှုံနေထိုင်လျက် ရှိကြသည်။

“ဒီဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒါကို အရေးမယူဘူးဗျ။ ကျနော်တို့က အရေးထားသလိုသူတို့က အရေး မထားဘူး။ တဖြေးဖြေး အခြေအနေက ပိုဆိုးလာတဲ့ သဘောမျိုး ဖြစ်လာတာပေါ့။ ဒီမှာရှိတဲ့ လဝက တို့၊ စစ်တပ်တို့ ဘာတို့ ဝန်ထမ်းတွေ သေသေချာချာ အလုပ်မလုပ်လို့ ဒီပြဿနာ တက်လာရတာပါ။ သူတို့ကလည်း သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ လာပြီးတော့ နယ်မြေကျူးကျော်တဲ့ သဘော ဖြစ်လာတာပေါ့” ဟု CPP လွှတ်တော်အမတ် ပူးနိုထန်ကပ် က ဆိုသည်။

ထိုကိစ္စနှင့် ပါတ်သက်ပြီး ဒေသတွင်း ပြည်သူလူထု၏ သဘောထား၊ အမြင်၊ ခံစားချက်များအား အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရများအား တင်ပြသွားမည်ဟု ပူးနိုထန်ကပ် က မဇ္စျိမကို ပြောဆိုသွားသည်။

ကဘော်ချိုင့်ဝှမ်းဒေသသည် စိမ်းလန်းစိုပြေပြီး သားငါးတိရိစ္ဆာန်ပေါများကာ ကောက်ပဲသီးနှံ အလွန်ဖြစ်ထွန်းသလို ငှက်ဖျားရောဂါလည်း ထူပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်သူပုန် ကိုးဖွဲ့မှာ မြန်မာ့မြေ ပိုင်နက်အတွင်း စခန်း ၆၄ ခု တည်ဆောက် လှုပ်ရှားနေကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။