Wednesday, August 29, 2012

မြန်မာ-ဂျပန် လိဂ် အသင်းများ အကျိုးတူ ပူးပေါင်းရန် လက်မှတ်ရေးထိုး


မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံ လာနေပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ တွင် ခြေလှမ်း သွက် နေသည့် ကမ္ဘာ့ စီးပွားရေး အင်အားကြီး ဂျပန်နိုင်ငံမှ လိဂ် အသင်း များနှင့် မြန်မာ နေရှင်နယ်လိဂ် အသင်းများတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ယနေ့ လက်မှတ် ရေးထိုးခဲ့ ကြသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဂျေလိဂ်တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် အတွက် သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က ပါဝင် လက်မှတ် ရေးထိုးခဲ့သည်။ ဂျပန်နိုင်ငံ အနေဖြင့် အာရှတွင် အတူရှိနေသည့် မြန်မာ့ဘောလုံး လောက တိုးတက်လာ စေလိုသည့်အတွက် မြန်မာနေရှင်နယ်လိဂ် အသင်းများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည် ဟု ဂျေလိဂ် အသင်းများ ဥက္ကဌက ပြောကြားသည်။
"ဂျပန်နိုင်ငံ ဘောလုံး လောက ဖွံ့ဖြိုးလာတာ မြန်မာဘောလုံးသမား ဦးကျော်တင် ကြောင့်ပါ။အခု မြန်မာနိုင်ငံကို ကျေးဇူး ပြန်ဆပ်ရမယ့် အချိန်ပါ"၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဂျေလိဂ်တို့ အကျိုးတူ ပူးပေါင်းမှု အစီအစဉ်ကြောင့် ဂျပန်နိုင်ငံမှ ဘောလုံးသမားများ အနေဖြင့် မြန်မာနေရှင်နယ် လိဂ်တွင် လာရောက် ကစားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောကြားသည်။ မြန်မာနိုင်ငံသည် ၂၀၂၀ပြည့်နှစ် ၌ ၁၇နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပွဲ ခြေစစ်ပွဲ ၀င်နိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်ရှိထားပြီး အသက်၁၇နှစ်အောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အသက်၁၃နှစ်အောက် မြန်မာဘောလုံး အသင်းမှ ကလေးငယ်များကို ဂျေလိဂ် အသင်းများ၏ ဘောလုံး အကယ်ဒမီများသို့ သွားရောက် လေ့ကျင့်စေမည် ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။