Wednesday, August 29, 2012

မြောင်းမြ ခလရ ၉၃ သိမ်းထားသည့် ခြံများတွင် ဇွတ်ဝင်စိုက်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် ခြေလျင်တပ်ရင်း ၉၃ မှ ၁၉၉၆ ခုနှစ်ကတည်းက သိမ်းယူထားသော နှစ်ရှည်ပင်စိုက် ခြံဧက ၂ဝဝ တွင် အသိမ်းခံ မူလခြံပိုင်ရှင်များက သီးနှံများ ပြန်လည်စိုက်ပျိုးရန်
ပြင်ဆင်နေကြသည်။



“တရက် နှစ်ရက်အတွင်း ခြံထဲမှာ သီးပင်တွေ ပြန်စိုက်ဖို့ ကျနော်တို့ ဇွတ်ပြန်ဝင်မယ်။ သူတို့က တရားစွဲလာရင်လည်း တရားရုံးကပဲ ရင်ဆိုင်မယ်” ဟု ခြံပိုင်ရှင် ဦးမောင်အေး က ပြောသည်။

မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာအုပ်စု အတွင်းရှိ သဇင်ကုန်းရွာရှိ သရက်ပင်၊ ပိန္နဲပင်၊ သီဟိုဠ်ပင် စသော နှစ်ရှည်ပင်စိုက် ၎င်းခြံများကို ပိုင်ရှင် ခြံသမား ၂၉ ဦးထံမှ ခလရ ၉၃ က သိမ်းယူထားခြင်း ဖြစ်သည်။

“ဘာ့ကြောင့် သိမ်းတယ်တော့ မသိဘူးဗျ။ တပ်ပိုင်မြေ ဆိုပြီး သိမ်းသွားတာပဲ” ဟု ဦးမောင်အေး က ပြောသည်။

သိမ်းယူပြီး ခြံမြေများအတွင်း သီးနှံများ စိုက်ပျိုးခွင့် မပြုခဲ့ဘဲ ၂ဝဝ၉ ခုနှစ်အရောက်တွင် ထိုခြံများအတွင်း နေထိုင်ခွင့်ပါ မပြုတော့၍ ခြံပိုင်ရှင် ၂၉ ဦးမှာ မြောင်းမြမြို့ အဝေးပြေး ကားဝင်းဘေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်ဟု ခြံရှင်များ ကို အကူအညီပေးနေသူ ဦးဝင်းရွှေ က မဇ္ဈိမကို ပြောသည်။

ခြံများအတွင်း စိုက်ပျိုးထားပြီး နှစ်ရှည်ပင်များကို တပ်မှ ခုတ်လှဲကာ သစ်အဖြစ် ရောင်းချပြီး အခြား သီးပင်စားပင်ကို လည်း ရောင်းချကာ တပ်ရန်ပုံငွေအဖြစ် အသုံးပြုနေသည်ဟု ဦးဝင်းရွှေ က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ခြံရှင်များက ဧပြီလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် တင်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပေ။ တပ်ရင်းမှူးက ၁၄ ရက်အတွင်း ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည် ပေါ်မလာ၍ ယခုကဲ့သို့ ထိုခြံများအတွင်း သီးပင်စားပင်များ အတင်းဝင်ရောက် စိုက်ပျိုးရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ခြံပိုင်ရှင်များက
ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။