Wednesday, August 29, 2012

ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝလျှင် ကျပ်တစ်သိန်းခန့်တက်၊ ဆန်လှောင်သူ များပြား


မြန်မာနိုင်ငံ အလယ်ပိုင်း စပါးကျီ ဖြစ်သော ရွှေဘို ဒေသတွင် စိုက်ပျိုး သော ရွှေဘိုပေါ်ဆန်း တင်း ၁၀ဝ လျှင် ကျပ်တစ်သိန်းခန့် မြင့်တက်လာပြီး ရန်ကုန်ဈေးကွက် အတွင်း ရွှေဘို ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ ခန့်မြင့်တက်လာကြောင်း ဆန်စပါးကုန်စည် ဒိုင်မှ ဝါရင့်ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောကြားသည်။
“အခုအပတ်မှ ရွှေဘိုပေါ်ဆန်းရော ဧရာပေါ်ဆန်းရော တက်လာတာ”ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘိုဒေသတွင် တောင်သူလက်ထဲ၌ စပါး မရှိတော့ဘဲ လှောင်လက် အတွင်းမှသာ စပါးလက်ကျန် ရှိနေပြီး လှောင်လက် အများစုမှာ ဈေးကွက် အတွင်းသို့ ရောင်းချခြင်း မရှိဘဲ ဈေးဆွဲတင်ခြင်းကြောင့် ရွှေဘိုဆန် ဈေးမြင့်တက် လာခြင်းဖြစ် ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။
ယခင်က ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝလျှင် ကျပ် ၈ သိန်းခန့် ရှိသော်လည်း ယခုတင်း ၁၀ဝ လျှင် ကျပ် ၉ သိန်းခန့်ရှိကြောင်း၊ ရန်ကုန် ဈေးကွက်အတွင်းသို့ ပစ္စည်းဝင်ရောက်မှု နည်းပါးလာသဖြင့် ယခင် ကျပ် ၃၃၀ဝ၀၊ ၃၄၀ဝ၀ ရှိခဲ့သော ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခု ကျပ် ၃၆၀ဝ၀၊ ၃၇၀ဝ၀ ခန့် မြင့်တက်လာကြောင်း တောင်ဒဂုံမြို့ရှိ ဆန်လက်လီလက်ကားရောင်းဝယ်သူတစ်ဦး က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးမှဝင်ရောက်သော ပေါ်ဆန်းဆန်များမှာလည်း တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ ခန့် မြင့် တက်လာပြီး စပါးတင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ ခန့်မြင့်တက်လာကြောင်း၊ ယခင်ဧရာ ပေါ်ဆန်းစပါးတင်း ၁၀ဝ လျှင် ကျပ် ၇၀ဝ၀ဝ၀ ခန့်ရှိခဲ့ပြီး ယခုကျပ် ၇၂၀ဝ၀ဝ၊ ၇၃၀ဝ၀ဝ ခန့်ဖြစ်လာကြောင်း ဆန်စပါးကုန်သည်တစ်ဦးက ပြောသည်။ ယခုလက်ရှိ ဧရာပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ-၃၁၀ဝ၀ ၊ တောင်ပျံတစ်အိတ်လျှင် ကျပ် ၂၇၀ဝ၀၊ ၂၈၀ဝ၀၊ ပေါ်ကျွဲ တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝခန့်ရှိကြောင်း ဆန်လက်လီရောင်းဝယ်သူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသ ဆန်စပါးစိုက်ပျိုးရာ ဒေသအချို့ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ဆန်သိုလှောင်သူ များပြားလာသဖြင့် ဈေးကွက်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ မှ ၃၀ဝ၀ အထိ မြင့်တက်လာကြောင်း ဝါးတန်းဆိပ်ကမ်းအခြေစိုက် ဆန်စပါး ကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။ “ဒီအပတ်ထဲမှ စတက်တာ။ အချောရောအကြမ်းပါတက်လာတာ။ အဓိကကတော့ လူတွေကစိုးရိမ်မှုများလာလို့တက်တာ”ဟု ၄င်းကဆိုသည်။
ပဲခူးတိုင်းဒေသကြီးမှာ နှစ်စဉ်ရေနစ်မြုပ်မှုများဖြစ်ပေါ်နေသဖြင့် စိုးရိမ်မှုနည်းကြသော်လည်း ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး တွင် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ဆန်ရှားပါးလာမည်ကိုစိုးရိမ်ပြီး ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။
“ဝင်အားနဲ့ဝယ်အားက မမျှတော့ဘူး။ အခုဧက ၅ သိန်းကျော် ရေမြုပ်တော့ဘုရင့်နောင်သမားတွေကလည်း ဝယ်လှောင်တယ်။ ကုန်စည်ဒိုင်မှာတောင် ဝင်သလောက်ပြတ်နေတော့ ဘုရင့်နောင်သမားတွေက မြောင်းမြက စက်တွေအထိ တိုက်ရိုက်ဆင်းဝယ်နေ တာ”ဟု ၄င်းကဆိုသည်။
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ ထွက်ရှိသော ဆန်များမှာ မြန်မာနိုင်ငံအလယ်ပိုင်းကိုသာ အထွက်များပြီး မြဝတီသို့ဘော်ဒါ လိုင်းမှ ထွက်သော ဆန်ပမာဏမှာ ပုံမှန်အတိုင်းသာရှိသော်လည်း ဘုရင့်နောင်ဝယ်လိုအားကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်သူတစ်ဦးက ဆိုသည်။ “တနင်္လာနေ့ကတောင် ၁၅၀ဝ၀ ပဲရှိသေးတာ။ အခုတက်တာကလည်း မနှစ်က ဈေးကိုမမီသေးဘူး။ အဓိကက လှောင်လက် များလို့ တက်တာ။ ပွဲစားက ဆန်မရောက်သေးဘူး။ မှာတဲ့သူကများနေတော့ ပွဲစားက ဈေးဆွဲတင်တာပေါ့”ဟု ၄င်းကဆိုသည်။
ယခုနှစ်အတွင်းရေကြီးရေလျှံ မှုများကြောင့် ဆန်စပါးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် စိုးရိမ်စရာအခြေအနေသို့မရောက်ရှိ သေးကြောင်း၊ ရေနစ်မြုပ်သဖြင့် ပျက်စီးသွားသောလယ်ဧကများအတွက် လုံလောက်သောမျိုးစပါးများထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ရေကြီးလို့ ပြည်ပတင်ပို့မှုလည်း ရပ်မသွားနိုင်ဘူး။ မျိုးစပါးလည်ပေးမှာ၊ ဒါပေမယ့် ရာသီဥတုကိုတော့ စောင့်ကြည့် ရဦးမယ်။ တော်ကြာစိုက်ပြီးမှရေပြန်တက်လာမှာ ဆိုးလို့။ စိုးရိမ်စရာအခြေအနေတော့မရှိဘူး။ စောင့်ကြည့်ရမယ့်အနေအထားပဲ ရှိသေးတယ်”ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ မြင့်တက်လာသော ဆန်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းလာနိုင်ခြေ နည်းပါးနေသေးသော်လည်း ဆိုးဆိုးရွားရွား မြင့်တက်မလာနိုင်ကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ ဆန်ရောင်းဝယ်သူများက သုံးသပ်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။