Wednesday, August 29, 2012

ရေကြီးရေလျှံ ထိန်းချုပ်ရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည်

မဇ္ဈိမ(ရန်ကုန်) ။      ။ နှစ်စဉ် ရေကြီးရေလျှံ ဖြစ်လေ့ရှိသောဒေသများ ရေလွှမ်းခံရမှု လျော့နည်းသွားစေရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်သွားရန်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

“ရေကြီးရေလျှံမှုတွေကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ ဒီလို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတကာက အကူအညီတွေကို ယူပြီး ဆောင်ရွက်သွားမယ်။ လောလောဆယ် ထိုင်းနိုင်ငံက ကုမ္ပဏီနှစ်ခုနဲ့ ဆွေးနွေးနေတယ်” ဟု ပြောသည်။

ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ပါက အဆိုပါ ရေကြီးမှု ထိန်းချုပ်ရေး အစီအစဉ်ကို ပဲခူးတိုင်းအတွင်းရှိ နှစ်စဉ် ရေကြီးလျက် ရှိသည့် ကဝ၊ သနပ်ပင်၊ ဝေါနှင့် ဒိုက်ဦး မြို့နယ်များတွင် စတင်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရကလည်း ပူးပေါင်း ပါဝင်မည် ဖြစ်သည်။

စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှု ထိန်းချုပ်နိုင်ရန်အတွက် ငွေကြေး၊ နည်းပညာ စသည်တို့ကိုလည်း ရရှိနိုင်ရန်
ဆောင်ရွက်သွားမည်ဟု ဦးရဲမင်းအောင်က ပြောသည်။

ရေကြီးမှုများ ထိန်းချုပ်ရန် ရေရှည်စီမံကိန်းများ ချမှတ် အကောင်အထည်ဖေါ်သင့်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
စောင့်ရှောက်ရန်လည်း လိုအပ်သည်ဟု ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (BANCA)မှ ဥက္ကဋ္ဌ ဒေါက်တာ တင်လှ က အကြံပြုသည်။

“အခု Flood control (ရေကြီးမှု ထိန်းချုပ်ရေး) လုပ်ဖို့ ဆောင်ရွက်မယ်ဆိုရင်လည်း ဘယ်လို အကြောင်းအချက်တွေ
ကြောင့် ရေကြီးရခြင်း ဖြစ်သလဲ ဆိုတာ သေချာစီစစ် လေ့လာပြီး ရေရှည် စီမံကိန်းချပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒီလို သဘာဝ ရာသီဥတု ပြောင်းလဲမှု ဖြစ်ရပ်တွေက တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေ
ဖြစ်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ဒေသများရှိ စပါးစိုက် လယ်မြေများ ယခုနှစ် သြဂုတ်လ ပထမပတ်မှ တတိယပတ်အတွင်း
ရေကြီးနပ်မြုပ်မှုကြောင့် ဧက သောင်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။