Friday, August 24, 2012

အနာဂါတ်ပြင်ဆင်မှုအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု အနှစ်(၄ဝ)စီမံကိန်းစတင်


ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအား နှစ် (၄ဝ)စီမံကိန်းဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် JICA (Japan International Cooperation Agency)တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

စီမံကိန်းရေးဆွဲရာတွင် ၂ဝ၁၂ခုနှစ် သြဂုတ်လမှ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအတွင်း အပြီးရေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ (၃၃)မြို့နယ်တွင် ရေဆိုးသန့်စင်သောစက်ရုံများ ၊ ဂုံးကျော်တံတားများတည်ဆောက်ခြင်း ၊ ရေကြီး ရေလျှံခြင်းများ မဖြစ်ပေါ်အောင် ရေမြောင်းများတိုးချဲ့ခြင်း ၊ ဆိပ်ကမ်းများတိုးချဲ့တည်ဆောက်ခြင်းများနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
 
'' နှစ်(၄ဝ)စီမံကိန်းကို နှစ်ဖက်ပူးပေါင်းရေးဆွဲပြီးရင် လုပ်ငန်းစလုပ်လို့ရပါပြီ၊ အရင်ဆုံးတော့ ဘယ်ဟာတွေကို ဘယ်လို ပြင်ဆင်ဖို့လိုတယ်ဆိုတာတွေကို စီမံကိန်းအဖြစ် ရေးဆွဲတုန်းရှိသေးတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းမှာ နှစ် (၄ဝ)တွင်း မြန်မာနိုင်ငံတွင် လူဦးရေတိုးပွားသာနိုင်သည့် အခြေအနေများ ကြောင့် မြို့ပြစီမံကိန်းအဖြစ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

  မြန်မာနိုင်ငံမှာ လူဦးရေကတိုးလာတော့မယ် အဲ့ဒါတွေအတွက် ပြင်ဆင်တဲ့အနေနဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ဖို့ရယ် ၊ သောက်ရေ၊သုံးရေတွေ လုံလုံလောက်လောက်ရဖို့ ရေအရင်းအမြစ်ရရှိအောင် အဓိက ကြိုးပမ်းထားဖို့လိုတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် JICA အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသော်လည်း ငွေကြေးအားဖြင့် မည်မျှထည့်ဝင်မည်ကိုမူ မသိရှိရသေးပေ။

''အခုက စီမံကိန်းရေးဆွဲနေတဲ့ကာလပဲရှိသေးတယ်ဆိုတော့ JICA အနေနဲ့ ဘယ်လောက်ငွေကြေးကုန်ကျမယ်ဆိုတာလဲ အတိအကျမသိသေးတော့ ဘယ်လောက်ထည့်ဝင်မယ်ဆိုတာလဲ ပြောလို့မရသေးပါဘူး  '' ဟု JICA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ကနဦးအနေဖြင့် ရန်ကုန်မြို့ရှိ (၈)မြို့နယ်တွင် ရေဆိုးသန့်စင်စနစ်ကို ကျင့်သုံးလျက်ရှိပြီး ကျန်(၂၅)မြို့နယ်ကို JICA ကုမ္ပဏီနှင့် ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံ ဆောက်ပေးရန် အစီအစဉ် ရှိကြောင်း သိရှိရပြီး ရေဆိုးသန့်စင်စနစ်အား လသာမြို့နယ် ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွှန့် ၊ ဗိုလ်တထောင် ၊ ပန်းပဲတန်း ၊ လမ်းမတော် ၊ ပုစွန်တောင်နှင့် ဒဂုံမြို့နယ်တို့တွင် အသုံးပြုလျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။