Friday, August 24, 2012

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသေမှု အများဆုံးဖြစ်သည့် ယာဉ်တိုက်မှု ဖြစ်ပွား

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသေမှုအများ ဆုံးဖြစ်ခဲ့သည့် ယာဉ်တိုက်မှုဖြစ် စဉ်တစ်ခုကို သြဂုတ်လ ၁၉ ရက် နေ့တွင် သာကေတမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ည ၉း၃၀ နာရီအချိန် သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်းအောင် ဇော်ထွေး မောင်းနှင်လာသော ၅ခ/ (မထသ ၃၄)လိုင်း၊ မီနီဘတ်(စ်)ဖြူ /နံ့သာရောင်ယာဉ်သည် ကမ်းလွန် ရေနံအခြေစိုက်စခန်း (MOGE) ၀န်း အရှေ့အရောက် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၈ဃ/---- လိုက်ထရပ် မီးခိုးရောင်ကိုယ်ပိုင်ယာဉ် နှင့်  ဘ/---- ကိုရိုလာဗင် အဖြူရောင် အငှားယာဉ်တို့အား တိုက်မိခဲ့ကြောင်း သိရသည်။
ဘ/----ယာဉ်မောင်းနှင့် ၎င်းယာဉ်ပေါ်ပါသူ ကိုဇော်လတ် (၂၅ နှစ်)၊ ကိုချစ်တင် (၄၉ နှစ်) တို့မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင်သေဆုံးပြီး မသီရိထွန်း (၂၄ နှစ်)မှာ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့စဉ် သေဆုံးခဲ့သည်။ ၈ဃ/----ယာဉ်မောင်းနှင့် ၎င်းယာဉ်ပေါ်ပါသူ အမျိုးသမီးနှစ်ဦးတို့မှာ ဒဏ်ရာများရရှိ ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် တင်ပို့ကုသနေရကြောင်း သိရှိရသည်။
“မထသ ၃၄ လိုင်းကမောင်းတဲ့ ဒီဖြစ်စဉ်ကိုကျူးလွန်တဲ့သူက အရက်သေစာ သောက်ထားတာကို စစ်ဆေးတွေ့ရှိရတယ်။ ပြီးတော့ သူက ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာ တိမ်းရှောင်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်မှုစစ် မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။
အဆိုပါဖြစ်စဉ်နှင့်အတူ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးမှုအများ ဆုံးဖြစ်ခဲ့သည့်ဖြစ်စဉ်အချို့မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်ရှိ နွယ်ခွေမှတ်တိုင်၌ မြောက်ပိုင်းခရိုင် ယာဉ်တစ်စီးနှင့် ဟိုင်းလတ်ယာဉ် တို့ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သုံးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့ လှော်ကားဝါးတစ်ရာ လမ်းမပေါ်တွင်အငှားယာဉ်နှင့် ဟိုင်းလတ်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်စဉ်၌ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။