Friday, August 24, 2012

 ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းပေါင်း နှစ်ထောင့်လေးရာကျော် ဖွင့်လှစ်ပြီးဖြစ်ကာ နှစ်ရာ့ရှစ်ဆယ်တစ်ကျောင်းသာ ဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်း သိရှိရ


ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းပေါင်း ၂၄၃၄ ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ဖွင့်လှစ်ရန်ကျန်ရှိတော့သည့် ကျောင်းမှာ ၂၈၁ ကျောင်းသာရှိတော့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ 

ရခိုင်ပြည်နယ်တွင် အခြေခံကျောင်းပေါင်း ၂၇၁၅ ကျောင်း ရှိပြီး သြဂုတ်လအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဆူပူအကြမ်းဘက်မှု ဖြစ်ပွားခဲ့သည့်မြို့နယ်များ ငါးမြို့နယ်တွင်သာ ကျောင်းများ ဖွင့်လှစ်မှု နောက်ကျခဲ့ခြင်းဖြစ်ပြီး ကျန်မြို့နယ်များရှိ ကျောင်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ သြဂုတ်လ ၂၂ ရက်နေ့ထိ မောင်တောမြို့နယ်တွင် ၆၁ ကျောင်းဖွင့်လှစ်ထားပြီးဖြစ်ကာ ၉၈ ကျောင်းကျန်ရှိနေသေးကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၁၆ ကျောင်းသာ ဖွင့်လှစ်နိုင်သေးပြီး ၁၃၈ ကျောင်းဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ်တွင် ၁၅၉ ကျောင်း ဖွင့်လှစ်ပြီးဖြစ်ကာ ၈ ကျောင်းသာ ဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်း၊ စစ်တွေမြို့နယ်တွင် ၉၁ ကျောင်းဖွင့်လှစ်ပြီး ဖြစ်ကာ ၂၂ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်းနှင့် ကျောက်တော်မြို့နယ်တွင် ၁၈၄ ကျောင်းဖွင့်လှစ်ပြီးဖြစ်ကာ ၁၅ ကျောင်းဖွင့်လှစ်ရန် ကျန်ရှိတော့ကြောင်းလည်း သိရှိရပါသည်။
ဆူပူအကြမ်းဘက်မှုများ ထပ်မံဖြစ်ပွားမှုမရှိအောင် မြို့နယ်လုံခြုံရေးအတွက် စစ်တပ်၊ ရဲ  ၊နစက တို့မှ တာဝန်ယူထားလျက်ရှိပြီး ဖွင့်လှစ်ထားသည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ ဆရာမ များ၏ လုံခြုံရေးအတွက် ကျေးရွာ ကျောင်းကော်မတီ ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးထားကြောင်းလည်း သိရှိရပါသည်။

''မြို့ပေါ်ကျောင်းတွေ ဖွင့်လှစ်ထားပြီးပါပြီ။ နယ်မှာကျတော့ လုံခြုံရေးအခြေနေကြောင့် မဖွင့်နိုင်တာပါ။ အခုနယ်ကကျောင်းတွေ ဆက်လက်ဖွင့်နေပါပြီ။ ဖွင့်ဖို့ကျန်ရှိတဲ့ ကျောင်းတွေကိုလည်း ဖွင့်လှစ်နိုင်အောင် ဆရာ/ ဆရာမ တွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးကို စေလွှတ်ထားပြီးပါပြီ။ ကျောင်းတွေမှာတော့ လုံခြုံရေး မထားပေးပေမယ့် ကျောင်းနဲ့ မလှစ်မကမ်းရွာမှာ တပ်နဲ့ နစက က လုံခြုံရေး တာဝန်ယူထားပါတယ်။''ဟု ပြည်နယ်ပညာရေးမှူး ဦးဟန်စိန်က ပြောသည်။ လက်ရှိတွင် မောင်တော၊ စစ်တွေ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များတွင် မြို့ပေါ်ကျောင်းများအားလုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် ဆရာ/ဆရာမ များအတွက် လုံခြုံရေးရှိသည်ဟုယူဆသော ကျောင်းများကို ပထမဦးစားပေး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

''အခု ဘူးသီးတောင်၊ မောင်တောမှာ တာဝန်ကျနေတဲ့ဆရာ/ဆရာမတွေကို မြို့နယ်ပညာရေးမှူးရုံးတွေက ခေါ်နေပါပြီ။ မြို့နယ်ကခေါ်နေပြီဖြစ်လို့သာ သွားရတာ ကျွန်မတာဝန်ကျတဲ့ရွာက ဘင်္ဂလီရွာပါ။ အဲဒီရွာမှာ ဘင်္ဂလီအိမ် ရှစ်ရာကျော်ရှိပြီး ရခိုင်အိမ်က ၅၀ လောက်ပဲရှိပါတယ်။ အဲဒီရွာမှာသွားပြီး တာဝန်ထမ်းဆောင်ရမှာ အခုလို ဒေသအခြေအနေ ပုံမှန်မဖြစ်သေးချိန်မှာ  ကျောချမ်းပါတယ်။ သွားသာသွားရမှာ စိတ်က မလုံပါဘူး။ ဆရာ/ဆရာမတွေကိုတောင် သတ်တဲ့သူတွေ ရွာကိုသွားရမယ့် ကျွန်မတို့လို ၀န်ထမ်း တွေရဲ့ စိတ်ခံစားမှုကို စဉ်းစားကြည့်ပါ။''ဟု ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးက ပြောသည်။ မောင်တောမြို့နယ်တွင် သြဂုတ်လ ၁၃ ရက်နေ့မှစကာ မြို့ပေါ် အထက ကျောင်းအပါအ၀င် ကျောင်း ၇ ကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် တောင်ပြို လက်ဝဲ အထကကျောင်း အပါအ၀င် မြို့နယ်အတွင်းမှ အထကကျောင်းများ၊ တိုင်းရင်းသားကျေးရွာရှိ ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။ သြဂုတ်လ ၂၇ ရက်နေ့တွင် လုံခြုံရေးစခန်းရှိ ထက်/လယ်/မူ ကျောင်းများ ထပ်မံဖွင့်လှစ်ရန်ရှိပြီး ကျန်ကျောင်းများကိုလည်း လိုအပ်သလို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ သတ်မှတ်ရက်အတွင်း အမှန်တကယ် ဖွင့်လှစ်နိုင်ခြေရှိသည့် အခြေခံပညာကျောင်းများကို အဆင့်ဆင့် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးပေးနိုင်သည့် ကျောင်းများကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။ ကျောင်းများတိုးချဲ့ဖွင့်လှစ်လာသော်လည်း ကျောင်းတက်သည့် ကျောင်းသူကျောင်းသားများမှာ အလွန်နည်းပါးနေသေးကြောင်းနှင့် ဆရာ/ဆရာမ တစ်ချို့မှာ လုံခြုံရေးကို စိတ်မချသဖြင့် တာဝန်ကျရာ ကျောင်းများသို့ မသွားနိုင်သေးကြောင်းလည်း သိရှိရပါသည်။

''ဆရာဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေ အသီးသီးကို လွှတ်ထားပါပြီ။ လုံခြုံရေးအတွက် ၊နေထိုင်ရေးတွေအတွက်လည်း မြို့နယ်ပညာရေးမှူးရုံးကပဲ စီစဉ်ဆောင်ရွက်နေပါတယ်။ စစ်တွေမြို့နယ်မှာဆို ဘင်္ဂလီ ကျောင်းတွေလည်း ဖွင့်နေပါပြီ။ လုံခြုံရေး တာဝန်ယူပေးနိုင်တဲ့ ကျောင်းတွေကို တစ်ကျောင်းပြီးတစ်ကျောင်း ထပ်တိုးဖွင့်သွားပါမယ်။ ကျောင်းတွေဖွင့်ထားပြီ၊ ဆရာဆရာမတွေလည်း ရှိနေပြီ ဒါပေမယ့် ကျောင်းသားတွေ လာမတက်တာကတော့ ကျောင်းသားတွေရဲ့အပိုင်း ဖြစ်ပါတယ်။''ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂလီများ၏ ဆူပူအကြမ်းဘက် ရွာမီးရှို့ရာတွင် စာသင်ကျောင်းသုံးကျောင်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်းနှင့် မောင်တောမြို့နယ် ဇော်မတပ်ကျေးရွာ အမက ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ အသတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
''ကလေးတွေကျောင်းပို့ဖို့က အခုထိ စိုးရိမ်တုန်းပါပဲ။ ကျောင်းတက်နေတုန်း တစ်ခုခုထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ပဲ ရင်ကျိုးရမှာ။ အခုအခြေအနေက တည်ငြိမ်နေပြီလို့ ထင်ရပေမယ့် နိုင်ငံတကာမှာလို ကျောင်းကို အကြမ်းဘက်တာတွေ ထပ်မဖြစ်ဘူးလို့ ဘယ်သူက မှအာမခံမပေးနိုင် ဘူးလေ။နောက်ပြီး ဒီမှာက တိုင်းရင်းသားရော ဘင်္ဂလီတွေ ရော ကျောင်းအတူတူတက်နေရတော့ ကလေး တွေ အချင်းချင်းကြားမှာ ပြသနာထပ်ဖြစ်နိုင်တယ်လေ။ဒါကြောင့် ကျောင်းပို့ဖို့အတွက် စဉ်းစား နေရပါတယ်။''ဟု မောင်တောမြို့ခံကျောင်းသားမိဘတစ်ဦး ကပြောသည်။    

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။