Friday, August 24, 2012

 ကျောင်းကုန်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့နေရသော ကျေးရွာပေါင်း ၄၅ ရွာရှိပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထား



ကယ်ဆယ်ရေးစခန်းတစ်ခု၌ ဆန်ဝေနေသည်ကို လာရောက်ယူနေကြသူများ ဓာတ်ပုံ - နေမျိုးထွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်အတွင်း၌ ကျေးရွာပေါင်း ၆၈ ရွာရှိသည့်အနက် ကျေးရွာ ၄၅ ရွာမှာ ရေဘေးဒဏ်ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၇၀ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ရေဘေးဒဏ် ခံစားနေရသော လူဦးရေ စုစုပေါင်းမှာ ၃၀၉၉၂ ဦးရှိပြီး ကယ်ဆယ်ရေးစခန်းတွင် ၇၉၀၁ ဦး၊ ရွာ၌ နေသူဦးရေမှာ ၂၃၀၉၁ ဦးဖြစ်ကြောင်း သိရသည်။ 
''ရေဘေးဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်းမှာ ထားတာရှိသလို ရွာမှာပဲ ထားတာလည်း ရှိပါတယ်။ အဓိက လိုအပ်တာကတော့ ဆန်၊ ဆေးနဲ့ ရေတွေကိုပါ။ ရန်ကုန်ကအလှူရှင် တွေလာပြီး ဆန်လှူကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း တစ်ဦးကို ဆန်တစ်ဘူးနှုန်းနဲ့ နေ့တိုင်း ဝေပေးနေရပါတယ်။ တစ်ရက်ကို ဆန်အိတ် ၃၁၀ လောက် နေ့စဉ် လိုအပ်နေပါတယ်။ လက်ရှိမှာ ကုသပေး နေရတာတွေက ဖျားနာကိုက်ခဲတာ တွေများပါတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ရေနစ်မြုပ်နေသော လယ်ဧကမှာ ၃၆၄၁၅ ဧကရှိ ကြောင်းလည်းသိရသည်။ ယင်းဒေသ၏ စိုးရိမ်ရေမှတ်မှာ ၁၈ ပေဖြစ်ပြီး ၁၉ ပေနီးပါးထိ ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ ဖွင့်သော်လည်း မူလတန်းကျောင်း ၅၀ ခန့် ပိတ်ထားရကြောင်း သိရသည်။
''မြစ်ရေ ချောင်းရေလျံတာကနေ တဖြည်းဖြည်းရေကြီးလာတာပါ။ ရေက တစ်ရက်ကို ၃ လက်မ၊ ၄ လက်မနဲ့ တဖြည်းဖြည်း တက်လာတာမျိုးပါ။ တချို့နေရာတွေက လုံးဝမြုပ်တယ်။ တချို့နေရာတွေကတော့ ရေ၀င်လာတာ မျိုးကြုံရတယ်။ အခုရေပြန်ကျနေပေမယ့် ၀ါခေါင်လမှာ ရေတစ်ခါ တက်နိုင်သေးတယ်။ ဒီမြို့နယ်မှာ ရေဘေးအဆိုးဆုံး ကြုံရတဲ့ရွာတွေက ရေတာကြီး၊ သဲဂုန်နဲ့ လှေကွဲလဟာကျေးရွာတွေပါ''ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပြခဲ့သည်။
''လယ်ကွင်းတွေကတော့ ရေမြုပ်ကုန်ပါပြီ။ မျိုးစပါး အခက်အခဲဖြစ်နိုင်တယ်။ ရေပြန်ကျရင်တော့ ဆက်လုပ်ရမှာပေါ့။ ကြဲခင်းတွေပြန်ပက်ရမယ်။ နောက်ထပ်လုပ်ရတော့ နောက်ထပ်ချေး ရဦးမှာပေါ့။ ဒါနဲ့ပဲ ငွေမလည်နိုင်ဘူး ဖြစ်နေရတယ်''ဟု တောင်သူတစ်ဦးက ပြောပြသည်။
''ဒီကယ်ဆယ်ရေးစခန်းကို ရောက်တာ နှစ်ပတ်လောက်ရှိပါပြီ။ မိသားစုကလေးဦးပါ။ လက်ရှိတော့ အလှူရှင် တွေလာပေးတာကိုပဲ မှီခိုနေရတယ်။ သောက်ရေက ခဏလေးကုန်သွားပြီး မလောက်ငှဘူး။ ဆန်ဂိုဒေါင်နေရာကို ကယ်ဆယ်ရေးစခန်းလုပ်ထားတာပါ'' ဟု ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုမှ ရေဘေးဒုက္ခသည်တစ်ဦးက ပြောပြခဲ့သည်။ ယင်းဒေသများတွင် ၂၀၀၄၊ ၂၀၀၆ ခုနှစ်များကလည်း ရေဘေးနှင့်ကြုံတွေ့ခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ အဆိုးဆုံးဖြစ်ကာ လက်ရှိအခြေအနေအရ ယခုနှစ်ကြုံတွေ့ရမှုမှာ ဒုတိယ အဆိုးဆုံးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။