Monday, June 4, 2012

ကျောက်မျက်ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ပြောင်းလဲကန့်သတ်

မိုးကုတ် ကျောက်မျက်ဒေသတွင် ယခုနှစ် ကျောက်မျက်ထုတ်လုပ်ခွင့် ချထားပေးရာ၌ ထုတ်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ပြောင်းလဲကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ထိုသို့ ပြောင်းလဲကန့်သတ်ရာတွင် လူမျိုးခြား လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သည့် ဧကပေါင်းများစွာကို လုပ်ကိုင်ခွင့်ရယူထားသည့် ကုမ္ပဏီလုပ်ကွက်ကြီးများ မပါဝင်ဘဲ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ ဒေသခံများအပေါ်၌သာ ကန့်သတ်ခြင်းဖြစ်၍ ဒေသခံများအနေဖြင့် အခက်အခဲဖြင့် ရင်ဆိုင်ရကြောင်း၊ နိုင်ငံတော်သို့ အခွန်ပေးသွင်းရာတွင် သတ်မှတ်ထားသည့်အတိုင်း အတူတကွ ပေးသွင်းရသည့်နည်းတူ ကုမ္ပဏီကြီးများကို မကန့်သတ်လျှင် ဒေသခံများအပေါ်၌လည်း မကန့်သတ်သင့်ကြောင်း ဒေသခံကျောက်မျက်တူးဖော်သူများက ပြောကြားခဲ့သည်။

ယခင်နှစ်များက ကျောက်မျက်ထုတ်လုပ်ရာတွင် တစ်ပိုင်တစ်နိုင်များအနေဖြင့် မျောနည်းစနစ်ဖြင့် ဖြစ်စေ၊ အင်းဗြဲနည်းစနစ်ဖြင့် ဖြစ်စေ ထုတ်လုပ်ခွင့်ပြုထားသော်လည်း ယခုအခါတွင်မူ မျောနည်းစနစ်၊ အင်းဗြဲနည်းစနစ်များ အသုံးမပြုရန် ကန့်သတ်လိုက်သည့်အတွက် အခဲ များဖြင့် ရင်ဆိုင်ကြရကြောင်း သိရသည်။

မိုးကုတ်မြို့၊ ကြပ်ပြင်မှ ဒေသခံေ ကျာက်မျက်ထုတ်လုပ်သူတစ်ဦးက''နှစ်ပိုင်းရှိတယ်။ ဒေသခံနဲ့ ကုမ္ပဏီကြီးတွေ ဆိုပြီး။ ကျွန်တော်တို့ ဒေသခံတွေက ကိုယ်ပိုင်တဲ့ ခြံမြေတွေပေါ်မှာ တူးဖော်ခွင့်လျှောက်ထားပြီး လုပ်ရတယ်။ တစ်နှစ်ကို တစ်ကြိမ် လိုင်စင်တင်ရတယ်။ အခု ကျွန်တော်တို့ ကို လူတစ်ဦးဆိုရင် တစ်ဧကလုပ်ကွက် တစ်ကွက်ပေးတယ်။ အများဆုံး နှစ်ကွက်ပေးတယ်။ ကျွန်တော်တို့က သဲ၊ ကျောက်စရစ်တွေစုပ်တဲ့ပုံစံမျိုး ရေစုပ်စက်နဲ့ တူးတဲ့သူရှိတယ်။ မြေတူးစက်နဲ့ တူးတဲ့သူရှိတယ်။ ဒီနှစ် မျောနဲ့လည်း မလုပ်ရဘူး။ မြေတူးစက်နဲ့လည်း မတူးရဘူး လို့ ကန့်သတ်တယ်။ ဘယ်လိုသွားလုပ်မလဲဗျာ။ ကုမ္ပဏီကြီးတွေကိုလည်း အဲဒီလိုကန့်သတ်လို့ ကျွန်တော်တို့ကို ကန့်သတ်တယ်ဆိုရင် တော်သေးတယ်။ အခုက ကုမ္ပဏီကြီးတွေက လွတ်လပ်ရေးရနေပြီး ကျွန်တော်တို့က ကန့်သတ်ချက်တွေကြောင့် ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတာတော့ မတရားဘူး ထင်တယ်။ ပြီးတော့ ကုမ္ပဏီကြီးတွေဆိုတာ မြေဧက ၂၀၀၊ ၃၀၀ သူတို့စိတ်ကြိုက် ရအောင်ယူလုပ်တာလေ မတူဘူးဗျ။  ပြောချင်တာက ကုမ္ပဏီကြီးတွေက လက်ရှိမှာ ယန္တရားစက်ကြီးတွေနဲ့ တောင်တွေကို ဖြိုတယ်၊ မိုင်းတွေနဲ့ တောင်တွေကို ပက်ပက်စက်စက် ခွဲထုတ်တယ်။ တချို့လုပ်ကွက်တွေမှာ တောင်တစ်ခြမ်းပဲ့တွေပဲ ရှိတော့တယ်။ လုပ်ကွက်အများစုမှာတော့ မိုင်းနဲ့ဖြိုထားလို့ တောင်မရှိတော့ဘူး။ အဲဒီလို တူးတာကိုကျတော့ လက်ခံတယ်။ ကျွန်တော်တို့တွေ ရေစုပ်စက်ကလေးနဲ့ တူးတာကိုကျတော့ လက်မခံဘူး''ဟု ပြောကြားသည်။

မြေနှစ်ဧကပေါ်တွင် ထုတ်လုပ်နေသူတစ်ဦးကလည်း''ကုမ္ပဏီကြီးတွေကို ပိုင်တာက မြန်မာစကား နည်းနည်းလေးပဲတတ်တဲ့ လူမျိုးခြားတွေပါ။ တရုတ်တွေ အများဆုံးပဲ။ သူတို့တွေကျတော့ မိုင်းခွဲလည်း အပြစ်မရှိဘူး။ ကျွန်တော်တို့မှာ ရေစုပ်စက်ကလေး သုံးတာတောင် မသုံးရဘူး။ပြီးတော့ မိုးကုတ်မှာ ပတ္တမြားကလည်း အဲဒီလို မိုင်းခွဲတောင်ဖြိုလုပ်ပြီးကတည်းက သိပ်မထွက်တော့ဘူး။ အရိုးအရင်းလေးကျန်တာကို ဘယ်သူကိုမှ မထိခိုက်တဲ့နည်းသုံးပြီးတောင် မတူးရတော့ဘူး။ လွတ်လွတ်လပ်လပ် တူးခိုင်းတာကို ကန့်သတ်တဲ့သူ တွေ ဘာကြောင့်လုပ်သလဲ သိချင်တယ်။ ဒါတွေကို တာဝန်တကယ်ရှိတဲ့သူတွေ သိချင်မှသိမှာပါ''ဟု သုံးသပ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။