Monday, June 4, 2012

အလုပ်သမားဆန္ဒပြမှုများ ဆက်လျက် အရှိန်မြင့်လျက်ရှိ

မေလအတွင်းဆက်တိုက်ဖြစ်ပေါ်ခဲ့သော အလုပ်သမားဆန္ဒပြမှုများတွင် စက်ရုံအနည်းငယ်ခန့်သာ ညှိုနှိုင်းပြေလည်မှု ရရှိသွား ခဲ့သော် လည်း  စက်မှုဇုံများမှ လုပ်ခနည်းပါး စက်ရုံများမှာ ဆက်လျက် တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း   တွေ့မြင်နေရသည်။
 
 
မေလ (၁၀)ရက်နေ့က စတင်ခဲ့သော ဆန္ဒပြထုတ်ဖော်မှုများမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဇွန်လဆန်း အထိ ဆန္ဒပြမှု(၃၀)၀န်းကျင်ခန့်  ဖြစ်ပေါ်ခဲ့ပြီးထိုထဲမှ စက်ရုံ ၇ ရုံခန့်သာ ညှိုနှိုင်းပြေလည်မှု ရရှိသွားခဲ့ခြင်းဖြစ်ပြီး ကျန် စက်ရုံများမှာ ဆက်လျက် တောင်း ဆိုနေကြ ရဆဲဖြစ်ကြောင်း သိရှိရသည်။
 
“အခြေခံလစာအဖြစ် သုံးသောင်းတောင်းဆိုထား ပါတယ်။ ဒါပေမယ့် နှစ်သောင်းလောက်နဲ့လည်း ပြေ လည်နိုင်ပါတယ်။ အဓိကကတော့ သူဌေးနဲ့ညှိုနှိုင်းချင်တာပါ။” ဟု esquire ဖိနပ်ချုပ်စက်ရုံမှ အလုပ် သမ မကြူကြူဝင်း ကပြောသည်။
 
အဆိုပါ စက်ရုံမှာ မေလ ၃၀ ရက်နေ့တွင် စတင်တောင်းဆိုခဲ့သော စက်ရုံဖြစ်ကြောင်း သိရှိရသည်။
 
ဆက်လျက်တောင်းဆိုနေဆဲဖြစ်သော စက်ရုံများတွင် အခြေခံလစာနှင့် ရှားပါး စရိတ်တိုးမြှင့်ပေးရေးဆန္ဒထုတ်ဖော်မှုများ   တောင်းဆိုရာမှ ရက်ကြာလသည်နှင့်အမျှ အလုပ်သမားများ၏ အခက်အခဲများလည် ပိုမိုများပြားလာကြကြောင်း အလုပ် သမားများထံက သိရှိရသည်။
 
အလုပ်ရှင်နှင့် ပြေလည်မှု မရရှိသေးသော စက်ရုံများမှ အချို့မှာကြုံတွေ့နေရသော အခက်အခဲများကြောင့် သပိတ်လှန်လိုက်ရသော အဖြစ်များလည်း ရှိကြောင်း သိရှိရသည်။
 
အလုပ်ရှင်နှင့် ညှိုနှိုင်းပြီး ပြေလည်မှုရရှိသည့် စက်ရုံများမှာ စပယ်ပွင့်၊ ပုလဲ၊ YJ၊ အာရှနှင်းဆီ၊ Miss Style၊ တိုးမြတ်အောင်နှင့်   နေမင်းအောင်စသည့် စက်ရုံများဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်ပေးလျက်ရှိသော ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရှိရသည်။
 
အဆိုပါ ပြေလည်မှုရရှိသည့် စက်ရုံအများစုမှာ အထည်ချုပ်စက်ရုံ(၅)ရုံ၊ ဖိနပ်စက်ရုံနှင့် ဇာထိုးပန်းထိုးစက်ရုံတို့ ဖြစ်ပြီး လစာပျမ်းမျှငွေ ၂၀၀၀၀ ကျပ်ခန့်ဖြင့် ပြေလည်မှုရရှိသွားကြောင်း ၊ ကျန် စက်ရုံများမှာမူ ဆက်လျက် တောင်းဆိုနေရဆဲဖြစ်ကြောင်း သိရှိရသည်။
 
ဆန္ဒပြတောင်းဆိုသူများအနေဖြင့် ၄င်းတို့၏ ရပိုင်ခွင့်အား တောင်းဆိုနေခြင်းဖြစ်သည့်အတွက် မိသားစု ပြသာနာတစ်ခုလိုသာ သဘောထားသည့် စက်ရုံတာဝန်ခံများလည်းရှိကြောင်း သိရှိရသည်။
 
 “ကျွန်တော်တို့က သူတို့အခုဆန္ဒပြနေတာကိုလည်း အပြစ်မတင်ပါဘူး။ အရင်လိုပဲ ဆက်ဆံ ခေါ်ပြောနေပါတယ်။ အခုလိုဖြစ်တာကို မိသားစုတွင်း ပြဿနာတစ်ခုလို့ပဲ သဘောထားပါတယ်။ မိဘကို မုန့်ဖိုးပိုတောင်းတဲ့ ကလေးတွေလို ပေါ့ဗျာ။” ဟု မြန်မာအမျိုးသားပိုင် Hallmark အထည်ချုပ် စက်ရုံမှ စက်ရုံတာဝန်ခံ ကိုဝဏ္ဏထိုက်က ပြောသည်။
 
အလုပ်သမားဆန္ဒပြမှုများအား အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် ဦးဆောင်သော အဖွဲ့မှလိုက်လံညှိုနှိုင်းဆွေးနွေးပေးလျက်ရှိသည်။
 
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မြို့နယ်အလိုက် အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှု ညှိုနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းကြရန် အလုပ်သမားဝန်ကြီးဌာနသို့ မေလ(၂၅)ရက်နေ့က ညွှန်ကြား ထားကြောင်းကိုလည်း သိရှိရသည်။
 
 ဆန္ဒပြတောင်းဆိုသော စက်ရုံများသို့ နိုင်ငံရေးလှုပ်ရှားသူများလာရောက်ကူညီမှုများ ပြုလုပ်ခဲ့ကြပြီး ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှလည်း အားပေးစကား လာရောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
 
 "မြန်မာပြည်က အလုပ်သမတွေဟာ ဈေးပေါပေါနဲ့ ခိုင်းစားလို့ရပါတယ်ဆိုတဲ့အမြင်မျိုးရှိနေတာ အရမ်းရင်နာစရာကောင်းပါတယ်။ အဲဒီပုံရိပ်ကို ပျောက်ပျက်အောင် ကြိုးစားရပါလိမ့်မယ်" ဟု ကိုမင်းကိုနိုင်က အလုပ်သမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
အလုပ်သမားများအနေဖြင့် ဆန္ဒပြတောင်းဆိုနေခြင်းမှာ မည်သူတစ်ဦးတစ်ယောက်မှ အာပေး အားမြှောက်ပြုလုပ်၍ မဟုတ်ပဲ မိမိတို့ဆန္ဒအတိုင်းသာ တောင်းဆိုခြင်းဖြစ်ကြောင်း အလုပ် သမားများက ဆိုသည်။
 
“ကျွန်မတို့အခုလိုဆန္ဒပြနေတာ ဘယ်သူကမှမြှောက်ပေးလို့မဟုတ်ပါဘူး။ နိုင်ငံရေးလှုပ်ရှားသူတွေက ကျွန်မတို့ဆန္ဒပြပြီဆိုတော့မှ လာရောက်ကူညီအားပေးကြတာပါ။” ဟု Hi-Mo ဆံပင်တုစက်ရုံမှ မယမင်းလွင် က နိုင်ငံရေးလှုပ်ရှားသူများ အပေါ် အလုပ်ရှင်များ၏ အမြင်မကြည်လင်မှုကို တုံပြန် ပြောဆိုခဲ့သည်။
 
အချို့ဆန္ဒပြစက်ရုံများတွင် အခြေခံလစာအဖြစ် ငွေကျပ် ၁၅၀၀၀ ၀န်းကျင်ခန့်သာရရှိကြပြီး Hi-Mo ဆံပင်တုစက်ရုံတွင် ငွေကျပ် ၈၀၀၀ သာ သတ်မှတ်ပေးကြောင်း လုပ်သားများထံက သိရှိရသည်။  
 
Hi-Mo ဆံပင်တုစက်ရုံမှ အဆောင်နေအလုပ်သမများအား မေလ ၃၁ ရက်နေ့မှ စ၍ စက်ရုံမှ ထမင်းကျွေးနေခြင်းအား ရပ်ဆိုင်းခဲ့ပြီး ရေ၊မီးသုံးစွဲမှုများဖြတ်တောက်ခဲ့သည်ဟု အလုပ်သမားများကဆိုသည်။
 
"အခုလို ထမင်းလည်းမကျွေး ရေတွေ မီးတွေလည်း ဖြတ်လိုက်တော့ တော်တော်ဒုက္ခရောက်ပါတယ်။ ကျွန်မတို့ ပြေလည်မှုရတဲ့ အထိ ထပ်ပြီးညှိုနှိုင်းချင်ပါတယ်" ဟု ၄င်းစက်ရုံမှ အလုပ်သမား ကိုယ်စား လှယ်တစ်ဦးကပြောသည်။
 
အဆိုပါHi-Mo ဆံပင်တုစက်ရုံမှ အလုပ်သမ များအား အလှူရှင်များမှ ဆန်၊ဆီ နှင့်စားသောက်ကုန်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
 
" သားသမီးချင်း ကိုယ်ချင်းစာစေချင်ပါတယ်။ ဒီမိန်းကလေးတွေ အများကြီးကို ထမင်းမကျွေးတော့ တာကတော့ အရမ်းရက်စက်လွန်းပါတယ်" ဟု ဆန်ပြုတ်အာဟာရ လှူဒါန်းခဲ့သူ  မသင်းသင်းရီ က ၀မ်းနည်းစွာ ပြောသည်။
 
မေလ(၁၁)ရက်နေ့တွင် ဟိုက်မိုဆံပင်တုစက်ရုံမှ အစပျိုးခဲ့ပြီး စက်ရုံ(၁၃)အထိ ဆန္ဒပြမှုများဆက်လက် ဖြစ်ပွားကာ မေလကုန်ပိုင်းတွင် စက်ရုံ(၇)ရုံမှာ ယခုကဲ့သို့  ပြေလည်မှုရရှိသွားခြင်း ဖြစ်သည်။
 
 
အဆိုပါဆန္ဒပြသည့် စက်ရုံများ တောင်းဆိုသည့် တူညီသည့်အချက်မှာ အခြေံလစာတိုးမြှင့် ရရှိရေးဖြစ်ပြီး ဆန္ဒပြသည့် စက်ရုံများတွင် Yangon Crown သံမဏိစက်ရုံသည် အစာငတ်ခံဆန္ဒပြသည့် တစ်ခုတည်းသော စက်ရုံဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။