Monday, June 4, 2012

 ရေနေဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ရေနေဇီဝမျိုးစုံ မျိုးကွဲများ လေ့လာသုတေသန ပြုလုပ်ခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုများ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ Saitama University, Department of Environmental Science မှ တွဲဖက်ပါမောက္ခ Mr-Takeshi Fujino နှင့် မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သည် မေလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရှိရသည်။

''ဧရာဝတီမြစ်က မြစ်ရေ အရည်အသွေးကို စစ်ဆေးနေပါတယ်၊၊ ဒါက ဧရာဝတီမြစ်တစ်လျှောက်မှာရှိတဲ့ တိုင်းတာရေးစခန်းတွေကနေ လစဉ် ပထမပတ်အတွင်း ရေအခြေအနေကို ပို့ပေးပါတယ်။ ရေသုတေသနဌာနမှာ စစ်ဆေးတယ်။ လက်ရှိ စစ်ဆေးပြီးသားတွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စစ်ဆေးမှုတွေကိုသာ ဆက်လက်ပြုလုပ်နေပါတယ်''ဟု မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ မြစ်ရေအရည်အသွေးများ တိုင်းတာစစ်ဆေးရာ၌ WHO မှ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော ရေကိုအသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်များ အနည်းနှင့်အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

''အခုဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျောက်မှာ လစဉ် စစ်ဆေးနေပါတယ်။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်း စစ်ဆေးတုန်းကတော့ အမိုးနီးယားဓာတ်က ပုံမှန်ထက် ပါဝင်နေတယ်။ ဆက်လက်စစ်ဆေးနေတဲ့ အပိုင်းတွေမှာ ဘာဓာတ်တွေပါဝင်နေတယ်ဆိုတာကို စစ်ဆေးမှုတွေပြီးရင် ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီမြစ်ကြောင်းတွေရဲ့ အနီးအနားနဲ့ မြစ်ကြောင်းတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စီးပွားရှာမှုတွေ ပြုလုပ်ထားတာဖြစ်တဲ့အတွက် မြစ်ရေအရည်အသွေးကိုတော့ ထိခိုက်မှုရှိမှာပဲ။ ဒါကို သက်ဆိုင်ရာက ဖော်ထုတ်ရမယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။