Monday, June 4, 2012

 မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို ဂျပန်အစိုးရက ပေးအပ်

ဂျပန်အစိုးရသည် ၎င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ရှမ်းပြည်နယ် မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈၄၇၇၅ ကို လူသားချင်း စာနာထောက်ထားမှုအကူအညီအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရေပေးဝေမှု စီမံကိန်း လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားတစ်ရပ်ကို မေလ ၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံမှူး Mr.Hideaki MATSUO ၊ ဒုတိယအတွင်းဝန် Mr.Kiyotomi TADA ၊ ရှမ်းပြည်နယ်အစိုးရ ကယန်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်း၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုးရသည် ရှမ်းပြည်နယ် မိုးဗြဲကျေးရွာအတွက် ဂါလန်တစ်သိန်းဆံ့ ရေလှောင်ကန်တစ်ခုနှင့် အသေးစား ရေလှောင်ကန်လေးခုအား အမေရိကန်ဒေါ်လာ ၈၄၇၇၅ အကုန်ကျခံကာ တည်ဆောက်ပေးခဲ့ပြီး ရေပေးဝေရေးအတွက် အရှည်တစ်မိုင်ခန့်ရှိသော ရေပိုက်အပါအ၀င် ရေစုပ်စက်နှင့် ထရန်စဖော်မာတစ်လုံးကိုလည်း မိုးဗြဲကျေးရွာ ရေပေးဝေမှု စီမံကိန်းအတွက် လှူဒါန်းခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မိုးဗြဲကျေးရွာသည် ရှမ်းပြည်နယ် တောင်ဘက်အစွန်း ကယားပြည်နယ်စပ်တွင် တည်ရှိပြီး လူဦးရေ ၁၀၀၀၀ ခန့် နေထိုင်သော ကျေးရွာအုပ်စုတစ်ခုဖြစ်ကာ ယင်းဒေသတွင် ရေတွင်း ရှစ်တွင်းသာရှိကြောင်းနှင့် သောက်သုံးရေအတွက် ဘီလူးချောင်းမှရေကို အဓိကအားထား အသုံးပြုနေရကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။