Monday, June 4, 2012

ချောင်းသာကမ်းခြေအား မိုးရာသီတိုင်းဖွင့်လှစ်ပေးတော့မည်

ယခုနှစ်မိုးရာသီမှစတင်၍  ချောင်းသာကမ်းခြေအား မိုးရာသီတိုင်းတွင် ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
 

ဒီနှစ်တွေမှာ အပန်းဖြေတဲ့သူတွေလဲများလာတယ်။ နိုင်ငံခြားသား ခရီးသွားတွေလဲ ပိုဝင်ရောက်လာတယ်။ အဲဒီ့အတွက်ကြောင့်   ချောင်းသာလမ်းပိုင်းတွေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပြီးတော့ မိုတွင်းကာလတွေမှာပါ အပန်းဖြေလို့ရအောင် ဖွင့်လှစ်လိုက်တာပါဟု ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အသင်းသားတဦးဖြစ်သော ဦးတင်ထွန်းကပြောသည်။
 
ယခင်မိုးရာသီများတွင် လမ်းပန်းဆက်သွယ်မှု မကောင်းခြင်း အပန်းဖြေဧည့်သည်များ နည်းပါးခြင်းတို့ကြောင့် မိုးရာသီများတွင် ကမ်းခြေအားပိတ်ထားခဲ့ရခြင်းဖြစ်ပြီး ယခုနှစ် မိုးတွင်းအစ၂၀၁၂ ခုနှစ် ၆ လပိုင်း ၁ ရက်နေ့မှ စတင်ကာ ချောင်းသာကမ်းခြေအား မိုးရာသီတွင်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
 
အဓိကကတော့ လမ်းပိုင်းတွေမကောင်းလို့ပါ။ နောက်ပြီး မိုးတွင်းက ဧည့်သည်အ၀င်နည်းတယ်လေ။ အရင်မိုးတွင်းတွေဆိုရင် ၀န်ထမ်းတွေကအစမရှိတော့ဘူး။ တည်းမယ့်သူလည်းမရှိဘူး။ မိုးတွင်းကုန်မှ ဟိုတယ်ကို ပြန်လာဖွင့်ကြတာဟု  Lai Lai ဟိုတယ် ဧည့်ကြိုကောင်တာမှ ၀န်းထမ်းတစ်ဦးကပြောသည်။
 
လက်ရှိဟိုတယ်အခန်းခနှုန်းထားများမှာ ကြားရက်များအနေဖြင့် တစ်ညလျှင် ငွေကျပ် ၄၀၀၀၀(လေးသောင်း) ၀န်းကျင်မှ ၅၅၀၀၀ (ငါးသောင်းခွဲ) ၀န်းကျင်ထိရှိပြီး စနေ၊ တနင်္ဂနွေ ရက်များဆိုပါက ငွေကျပ် ၆၀၀၀၀  (ခြောက်သောင်းဝန်းကျင်မှ ၇၅၀၀၀ (ခုနှစ်သောင်းခွဲဝန်းကျင်အထိရှိကြောင်း သိရပြီး မိုးရာသီအထူးအစီအစဉ်များအနေဖြင့် တည်းခိုခ နှုန်းထားများအား ၁၀% မှ ၄၀% ထိလျော့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ဒီနှစ်မိုးရာသီ ကမ်းခြေဖွင့်တဲ့ အထူးအစီအစဉ်အနေနဲ့ အခန်းခတွေကို အမတို့ဟိုတယ်က ၄၀% လျော့ပေးထားပါတယ်။ ၆ လပိုင်း ၁ ရက်နေ့က စတာပါ။ ၀န်ဆောင်မှုပိုင်းမှာလဲ မလျော့ပါဘူးဟု Lai Lai ဟိုတယ် ရန်ကုန်ရုံးချုပ်မှ ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောသည်။
 
ချောင်းသာကမ်းခြေတွင် ဟိုတယ်ပေါင်း (၁၇) ခုရှိပြီး တန်းခိုခန်းပေါင်း ၃၀ နီးပါးရှိကြောင်း သိရသည်။
 
မိုးတွင်းပါဖွင့်တယ်ဆိုတော့ကောင်းတာပေါ့။ မိုးတွင်းမှာလည်းအပန်းဖြေချင်တဲ့သူတွေရှိပါတယ်။ အခုလိုအထူးအစီအစဉ်တွေနဲ့ အခန်းခတွေလျော့ချပေးထားတော့ တည်းတဲ့သူတွေအတွက်လဲအဆင်ပြေမှာပါဟု ချောင်သာကမ်းခြေသို့ သွားရောက်ရန် စီစဉ်နေ သည့် တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် မသဇင်ကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။