
ပြင်ဦးလွင်မြို့ မိုးကြိုးပစ်ကျေးရွာရှိ စိုက်ခင်းတစ်ခု
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပိုးသတ်ဆေး သုံးစွဲမှုနှုန်းသည် ၂၀၀၂-၀၃ ဘဏ္ဍာနှစ်၌ ၂၈၇၄ ဒသမ ၆၉ မက်ထရစ်တန်ရှိခဲ့ရာမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၁၁၁၀၁ ဒသမ ၄၁ မက်ထရစ်တန်အထိ မြင့်တက်လာကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးတွေကို ၁၉၄၀ ၀န်းကျင် လောက်ကတည်းကစပြီး synthetic ပိုးသတ်ဆေးတွေကို အမြောက်အမြား သုံးလာကြတယ်။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာမှာလည်းပိုးသတ်ဆေး သုံးစွဲမှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ မြန်မာနိုင်ငံမှာဆိုရင် လည်း စိုက်ဧကတွေ တိုးချဲ့တယ်၊ သီးနှံအထွက်နှုန်းတွေ ကောင်းအောင် ပိုးသတ်ဆေးတွေကို ပိုပြီး အသုံးပြုလာကြတယ်။ နောက်ပြည်တွင်းမှာ အသုံးပြုမှု များလာတာက ဈေးကွက်မှာ အလွယ်တကူဝယ်လို့ ရနေတာရယ် ပိုးသတ်ဆေး ရောင်းချတဲ့ ဈေး ကွက်ကလည်း ပိုပြီးကြီးလာတာရယ် စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေမှာလည်း ပိုးသတ်ဆေးသုံးရမယ်ဆိုတဲ့ အသိပညာတွေ ရလာတာကြောင့် ပိုပြီးများလာတာပါ။ နောက်ထုတ်လုပ်မှု ကဏ္ဍတွေကို မြှင့်တင်လိုက်တဲ့အခါ စိုက်ခင်းတွေမှာလည်း ပိုးသတ်ဆေးတွေကို အသုံးပြုလာကြတယ်။ ဒါတွေကြောင့် ပိုးသတ်ဆေး သုံးစွဲမှုက လည်း မြင့်တက်လာတာပါ။ ကမ္ဘာမှာဆိုရင် တစ်နှစ်တစ်နှစ်ကို ခန့်မှန်း ခြေအားဖြင့် ၅ ဒသမ ၆ ဘီလီယံ ပေါင် သုံးစွဲပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုက ဖွံ့ဖြိုးပြီးနိုင်ငံတွေလောက် မများပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုးသတ်ဆေးသုံးစွဲသူတွေရဲ့ ၉၉ ရာခိုင်နှုန်းက အဲဒီ ဆေးတွေကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ သေဆုံးကြတာ ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးတွေကို အမြောက်အမြားသုံးပြီး ကြိုတင်ကာကွယ်မှုတွေ၊ စနစ်တကျ သုံးစွဲမှု အပိုင်းတွေကျတော့ အားနည်းတယ်။ ဆေးတွေသုံးစွဲတာနဲ့ပတ်သက်လို့ အသိပညာတွေပေးပေမယ့် လယ်သမားတွေက လိုက်နာမှု အားနည်းတာရယ်၊ အကာအကွယ်ပစ္စည်း သုံးစွဲတာကအစ စနစ်တကျ သုံးစွဲမှုမရှိတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုး တွေကို ပိုခံစားလာကြရတယ်''ဟု စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန သီးနှံကာကွယ်ရေးဌာနမှ ဒေါ်ခင်လေးဇံက ပြောကြားခဲ့ပါသည်။
လက်ရှိ မြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို ပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုခြင်းဖြစ်ပြီး ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်ခြင်း မရှိကြောင်း သိရသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့်အဆင့် ၁ မှ ၁၀ အတွင်းရှိ ပိုးသတ်ဆေးများမှာ Chlorpyrifos, Acephate, Cypermethrin, Carb-ofuran, Lambda-cyhalothrin, Mancozeb, Dimethoate, Glyph-osate, Sulphur, Benomyl တို့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။