Monday, June 4, 2012

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း
2012-06-03
မကွေးမြို့မှာ မြေလတ်ကျောင်းသားများ သမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂ မရှိရင် အခွင့်အရေး မရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မကွေးမြို့ပေါ်မှာ ရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၄ ကျောင်းက ကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုချမ်းငြိမ်းသူ က အခုလို ပြောပြပါတယ်။
"အဖွဲ့ဝင် အယောက် ၂၀ ပါပါတယ်။  အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းတွေမှာ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ရယ်၊ တက္ကသိုလ်ကျောင်း ပညာရေးတွေကိုလည်း အဆင့်အတန်း မြင့်မားအောင် ပြန်လုပ်မယ်ပေါ့။ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ ပါတယ်။ အင်္ကျီတွေ ထုတ်မယ်။ အရှေ့က ဗိုလ်ချုပ်အောင်ဆန်း သမဂ္ဂတုန်းက ပုံနဲ့ အနောက်မှာတော့ No Union, No Rights ဆိုတဲ့ သမဂ္ဂ မရှိရင် အခွင့်အရေး မရှိဘူးဆိုတဲ့စာ။ နောက်ပြီး မောင်သန့်ရေးတဲ့ မြန်မာဘာသာပြန် ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ စာအုပ်တွေကိုလည်း အုပ် ၂၀၀၀ လောက် ဖြန့်မယ်။ "

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးနောက် မြေလတ် ဒေသတွင်းက မြို့နယ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဆက်လက် ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်သွားမယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီဇွန်လအတွင်း ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆုတောင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ် သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီမိုကရေစီကို မြတ်နိုးတဲ့ ကျောင်းပတ်ဝန်းကျင် ဖြစ်လာရေးကို ရည်ရွယ်ပြီး မောင်သန့် ရေးသားတဲ့ ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ စာအုပ်တွေကိုလည်း ထပ်ဆင့် ဖြန့်ဝေသွားဖို့ စီစဉ်ထားတယ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။