Monday, June 4, 2012

 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်နိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့် အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းမည်

UMFCCI တွင်ပြုလုပ်သော စီးပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုကို တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် စီးပွားရေး လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများကို တားဆီးနိုင်မည့် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့်ကို အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ ကြောင်း ဥပဒေများ ရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိသည်။

''အသစ်ပြဋ္ဌာန်းဖို့လိုအပ်တဲ့ စီပွားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲနေပါတယ်။ တချို့ကို ရှေ့နေချုပ် ရုံးကိုတင်ထားတယ်။ ဥပဒေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးတယ်။ ဥပဒေ အားနည်းချက်ရှိရင် ၀င်လာချင်မှာ မဟုတ်ဘူး။  ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနဲ့ ဉာဏပစ္စည်းဆိုင်ရာ ဥပဒေကတော့ ၂၀၁၃ ခုနှစ်လောက်မှာ ပြဋ္ဌာန်းဖြစ်မယ်လို့ ယူဆပါတယ်''ဟု ဥပဒေရေးဆွဲရာတွင် ပါဝင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦးက ပြောကြားပါသည်။

ပြောင်းလဲလာသော အခြေအနေများအရ မြန်မာနိုင်ငံတွင် နိုင်ငံခြားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပြီး မကြာမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း ပြဋ္ဌာန်းတော့မည်ဖြစ်သည်။ ထို့အတူ ခေတ်စနစ်နှင့်လျော် ညီသော ဥပဒေများ ဖြစ်စေရန် ပြုပြင်ရန်လိုအပ်သည့် ဥပဒေများနှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများကိုလည်း ရေးဆွဲလျက်ရှိကြောင်း၊ စီးပွားရေး နယ်ပယ်အသီးသီး လက်ဝါးကြီးအုပ်မှု၊ ဈေးကစား အမြတ်ထုတ်မှု များကို ကာကွယ်ရန်နှင့် အသိဉာဏ မူပိုင်ခွင့် အခွင့်အရေးရရှိစေရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် အသိဉာဏမူပိုင် ခွင့်ဆိုင်ရာ ဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ပြင် မကြာမီအသစ်ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ တွင် နိုင်ငံခြားသားတစ်ဦးဦး က ခွင့်ပြုမိန့်အရရင်းနှီးမြှုပ်နှံသော နိုင်ငံခြားမတည်ငွေရင်းတွင်နိုင်ငံခြား  ငွေ၊စက်ပစ္စည်းကိရိယာ၊စက်ပစ္စည်း အစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအ၀င်၊ လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန်လိုအပ်၍ နိုင်ငံတော်အတွင်း မရရှိနိုင်သော ပစ္စည်း၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး၊ တီထွင်မှု မူပိုင်ခွင့်များ၊ စက်မှုဆိုင်ရာ ဒီဇိုင်းစသည့် အသိဉာဏဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်ရေး၊ကျွမ်းကျင်မှု နည်းပညာရပ်၊ အထက်ပါလုပ်ငန်းတို့မှ လုပ်ငန်းတွင် တိုးပွားရရှိပြီး၍ဖြစ်စေ၊ ဝေစုအကျိုး အမြတ်ကိုဖြစ်စေ ပြန်လည်ရင်းနှီးမြှုပ်နှံသော ငွေများပါဝင်ကြောင်း သိရသည်။

ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေတို့ကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့တွင် ပြဋ္ဌာန်းခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် ဥရောပနိုင်ငံများ၊ အခြား ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အချို့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အာရှနိုင်ငံများအနေဖြင့် ၁၉၈၀ကျော်နှင့် ၁၉၉၀ ကျော်နှစ်များတွင် အများအပြား ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာမှလွဲ၍ ကျန်အာဆီယံနိုင်ငံအားလုံးတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။