Sunday, June 3, 2012

မြန်မာ့ပေါင်းဆန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံမှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံမှ ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိကာလ၌ မြန်မာ့ပေါင်းဆန်အား ရုရှားဈေးကွက်မှ ၀ယ်လိုအားကောင်းနေသော်လည်း ဈေးကွက်လိုအပ်ချက်ရှိသည့်အတိုင်း တင်ပို့နိုင်ခြင်း မရှိသေးကြောင်း၊ ယင်းအတွက်ကြောင့် ပေါင်းဆန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေါင်း ဆန်စက်ရုံများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

''မြန်မာနိုင်ငံရဲ့ပေါင်းဆန် ထုတ်လုပ်မှုအနေအထားက စက်ရုံ၃ရုံထဲကပဲ အဓိက ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် စက်ရုံတွေတိုးချဲ့တည်ဆောက်မယ်။ အခုတော့ ပေါင်းဆန်စက်ရုံတွေ ထပ်တည်ဖို့အတွက် အိန္ဒိယနဲ့ထိုင်းက နည်းပညာတွေနဲ့ ဆောင်ရွက်သွားမယ်''ဟုလည်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပေါင်းဆန်စက်ရုံများအား ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့၊ ဘိုကလေးနှင့် ပုသိမ်မြို့နယ်တို့၌ ပေါင်းဆန်စက်ရုံသုံးရုံ ထပ်မံတည် ဆောက်သွားမည်ဖြစ်ကြောင်း၊ ၀ါးခယ်မနှင့် ဘိုကလေးရှိ ပေါင်းဆန်စက်ရုံကို အိန္ဒိယ နည်းပညာဖြင့်လည်းကောင်း၊ ပုသိမ်မြို့ရှိ ပေါင်းဆန်စက်ရုံကိုမူ ထိုင်းနိုင်ငံမှ နည်းပညာများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ပုသိမ်မှာ တည်မယ့်စက်ရုံကိုတော့ ယိုးဒယားက နည်းပညာတွေနဲ့ ဆောင်ရွက်မယ်။ အခုလောလောဆယ်တော့ စက်ရုံဆောက်နေတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ ၀ါးခယ်မနဲ့ ဘိုကလေးမှာတော့ စက်ပစ္စည်းတွေတောင် တပ်ဆင်နေကြပါပြီ။ ဒီနှစ်ကုန်ပိုင်း လောက်မှာတော့ စက်သုံးလုံးစလုံးက လည်ပတ်နိုင်တော့မှာပါ။ အခုလက်ရှိက သုံးလုံး၊ နောက်ထပ်သုံးလုံးနဲ့ဆိုရင် စုစုပေါင်းခြောက်လုံး ဖြစ်လာမယ်။ မြန်မာ့ပေါင်းဆန်ကို လက်ရှိမှာ အဓိက ၀ယ်ယူနေတာက ရုရှားပါပဲ''ဟု ပေါင်းဆန်စက်ရုံ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။